
သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို အခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေဈေးကွက် (FX Trading Platform) ကတဆင့် ထုတ်ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဇွန် ၁၆ ရက် ကြေညာချက် ထုတ်ခဲ့တဲ့နေ့မှာပဲ အဆိုပါ နိုင်ငံခြားငွေထဲက ၁ သန်းကျော်ကို သွင်းကုန်လုပ်ငန်းတွေအတွက် ရောင်းချပေးခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဇွန် ၁၆ ရက်နေ့ FX Trading မှာ အမေရိကန် တဒေါ်လာကို ၃၆၁၅ ကျပ် ငွေလဲနှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပ ငွေကြေး ဈေးကွက်မှာတော့ အမေရိကန် တဒေါ်လာ ငွေလဲနှုန်းဟာ ၄၅၂၀ ကျပ်ရှိပြီး ကျပ် ၉၀၀ ဝန်းကျင် ကွာဟချက်ရှိပါတယ်။
ဗဟိုဘဏ်ဟာ စက်သုံးဆီ အပါအဝင် သွင်းကုန်လုပ်ငန်းအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို ပံ့ပိုးပြီး ဈေးကွက်တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေသလို တဖက်မှာလည်း လူမူကွန်ရက် platform ကတဆင့် ဈေးဆွဲတင် ဈေးကစားသူတွေ၊ လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကို စောင့်ကြည့်ပြီး အရေးယူမှု အရှိန်မြှင့်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးချက် ထုတ်ထားပါတယ်။
မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကတော့ ဗဟိုဘဏ်အနေနဲ့ လူမှုကွန်ရက်ပေါ်က ဈေးနှုန်းတွေကို အရေးတယူလုပ်နေမယ့်အစား ခိုင်မာအားကောင်းတဲ့ ငွေကြေးဆိုင်ရာ မူဝါဒ တွေကို ချမှတ်ပြီး ငွေလဲနှုန်းကို ထိန်းကျောင်းဖို့ ကြိုးစားသင့်တယ်လို့ ထောက်ပြကြပါတယ်။