
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကူတောပုလ္လင်ရွာနဲ့ တောင်ပုံရွာကြားမှာ ဇွန် ၁၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်က စစ်ကောင်စီကင်းလှည့်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၈ ယောက် သေဆုံးတယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီကား ၂ စီးကို ဒေသတွင်းအမည်မဖော်လိုတဲ့ Local PDF တဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကား ၂ စီး ညက မိုင်းဆွဲခံရတယ်။ တစီးထိတယ်။ တစီးကတော့ မုံရွာထဲ အပြေးမောင်းဝင်သွားတယ်။ မိုင်းထိတဲ့ကားကတော့ ညကတည်းက LPDF အဖွဲ့က မီးရှို့ထားခဲ့တာ။ စစ်သားအလောင်းတွေကိုတော့ ညပိုင်းကတည်းက စစ်တပ်က မုံရွာကနေ ဂျမ်ဘာပါတဲ့ကားနဲ့ အလောင်းလာကောက်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကား ၂ စီးဟာ မုံရွာကနေ ချောင်းဦးသွားပြီး ချောင်းဦးကနေ မုံရွာအပြန်မှာ အခုလို မိုင်းဆွဲခံရတာလို့လည်း သိရပါတယ်။
တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ခေါင်းဆောင်တယောက်က “ဟုတ်ကဲ့ စစ်ကားတစီး၊ စစ်သား ၈ ယောက် လက်နက် ၈ လက် ရခဲ့တယ်ဗျ။ သူတို့ကင်းပုန်းကြားကို ဝင်လုပ်ခဲ့ရတာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်။ မြေပြင်မှာလည်း LPDF အဖွဲ့က လုပ်တယ်ဆိုရင် တွယ်ဖို့ကြည့်နေတဲ့ သူတွေက အများကြီးဗျ။ အခုဟာကတော့ ကျနော့်ဘက်က အတည်ပြုပေးနိုင်တာကတော့ ၈ ကောင် ၈ လက်နဲ့ ကားတစီး ဖျက်ဆီးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အခုလို စစ်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး ဇွန် ၁၇ ရက်မှာ စစ်ကောင်စီဘက်က မိုင်းဆွဲခံရတဲ့ မုံရွာ-ချောင်းဦး-မန္တလေးလမ်းပိုင်းကို ပိတ်ထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချပြီး လမ်းသွားလမ်းလာတွေကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်လည်း မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိပါတယ်။
ဇွန် ၁၆ ရက် မနက် ၅ နာရီ ၅၀ မိနစ်က မိုင်းနဲ့ဖောက်ခွဲခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် နေရာမှာတင် သေဆုံးကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “ဒီဂိတ်မှာနေတဲ့ စစ်သားတွေက အတော်ရိုင်းကြတာ။ ကိုယ့်အဖေ အမေ အရွယ်တွေကို ကြိမ်းမောင်းဆဲဆိုပြီး ငွေတောင်းတာ။ အခု မိုင်းနဲ့အဆွဲခံရလို့ သေတော့ လူထုကတော့ ဝမ်းသာတာပေါ့” လို့ ပြောပါတယ်။
မိုင်းကွဲပြီး စစ်အုပ်စုဘက်က ဒဏ်ရာအပြင်းအထန်ရသွားတဲ့ စစ်သား ၄ ယောက်ကို မြို့သာဆေးရုံက မနိုင်တော့တာကြောင့် လိုက်ထရပ်ကားတွေနဲ့ မန္တလေးဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ် မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုကို မြင်းခြံမြို့ တိုက်နယ် ၃ နဂါးနီ ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တိုက်နယ် ၃ နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။