
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သုံးဘီးဆိုင်ကယ်မောင်းတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ ရှာဖွေဖမ်းဆီးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့၊ စည်ပင်သာယာရုံးထဲမှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံရတဲ့ သုံးဘီးမောင်းသူ မြန်မာနိုင်ငံသားတယောက်က “ဒီနေ့ ဖမ်းတာက အဖွဲ့စုံပဲ၊ လမ်းပေါ်မှာ တွေ့သမျှ (စမ်လော) သုံးဘီးဆိုင်ကယ်မောင်းတဲ့သူတွေ အကုန်ဖမ်းနေတာ။ ဘယ်လိုတွေ လာဦးမလဲတော့ မသိဘူး။ ပညာပေးအနေနဲ့ ဒဏ်ကြေးလေးရိုက်ပြီး သတ်မှတ်ချက်တွေနဲ့ ပြန်မောင်းခိုင်းရင်တော့ အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။
ခု (စမ်လော) သုံးဘီးဆိုင်ကယ်မောင်းလို့ အဖမ်းခံရသူတွေထဲမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အနေကြာတွေနဲ့ ကုန်ဆွဲ ရေသန့်ပို့နေတဲ့ သူတွေလည်း ပါတယ်။ အခုလိုဖမ်းဆီးတာဟာ စီမံချက်ကြောင့်လား ယာဥ်စည်းကမ်း လမ်းစည်းကမ်းကြောင့်လား၊ ဘာကြောင့် ဖမ်းဆီးတာလဲတော့ မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မဲဆောက်မြို့မှာ သုံးဘီးဆိုင်ကယ်မောင်းတဲ့သူ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူခဲ့ပါသေးတယ်။
သုံးဘီးဆိုင်ကယ်တွေ မဖမ်းဆီးခင်ကလည်း E Bike တွေ ဖမ်းဆီးခဲ့လို့ မဲဆောက်မြို့ပေါ်မှာ E Bike စီးနင်းသူ မတွေ့ရသလောက်ဖြစ်နေပြီး အခုအခါ စမ်လော သုံးဘီးဆိုင်ကယ်တွေကို ထပ်ဖမ်းနေတာလို့ မဲဆောက်မြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။