
အောင်ဆန်းစုကြည်၊ ၈၀ သည်ကား
စွမ်းရည်ပြည့်ဝ၊ ပညာရဖွယ်
စကားကြွယ်၏၊ ပြောသည့်အတိုင်း
မဆိုင်းမတွ၊ လုပ်ပြသည့်သူ
အပြောတူလုပ်တူ၊ ရာဇဝင်တွင်သူပါတကား။ ။
အမေစုဟာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ဟိန္ဒူနဲ့ မြန်မာဘာသာစကားတွေ အပါအဝင် ဘာသာစကားတွေကို တတ်ကျွမ်းပါတယ်။ အင်္ဂလိပ်စကားပြော ကောင်းတယ်လို့ ပြောကြပေမဲ့ မြန်မာစကားကို ရွာက ကျောင်းဒါယိကာမကြီးတယောက်လို ပါဠိပါဌ်သားတွေနဲ့ ပြောနိုင်တာက အကောင်းဆုံးပါ။ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သူ့အသက် ၄၃ နှစ် ၈၈၈၈ ကာလကနေ အခု ၈၀ ပြည့်အထိပေါ့။ နှစ် ၄၀ နီးပါး မိန့်ခွန်းတွေ၊ အင်တာဗျူးတွေ၊ စကားဝိုင်းတွေမှာ သူ စကားတွေ ပြောခဲ့ပါတယ်။ “ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲကြီး” တို့ “လောဘကင်းရင် ငြိမ်းချမ်းရေးပဲ။” တို့ “ကျမက နကမ္ပတိမှ မဟုတ်ဘဲ။” တို့ စတဲ့ စကားတွေကို ကျနော် မှတ်မိနေခဲ့ပါတယ်။ အခု။
ကျမ ပြည်သူ့မေတ္တာ ရယူချင်ပါတယ်
၈၀ ပြည့် အမေစုက “ကျမဟာ ပြည်သူပြည်သားတွေရဲ့ မေတ္တာကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ပြည်သူပြည်သားတွေရဲ့ မေတ္တာကို ရယူချင်ပါတယ်။” လို့ စာပေဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ “ကျမတို့ဟာ ပြည်သူပြည်သားတွေကို အားကိုးပြီးတော့ အနှစ် ၃၀ ကျော် နိုင်ငံရေးလုပ်ခဲ့တာ ဖြစ်ပါတယ်။” လို့လည်း ပြောခဲ့တာပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ပုဒ်ဟာ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” လို့ အမြဲဖော်ပြခဲ့တာပေါ့။ “ပြည်သူနဲ့ အတူ” ဆိုတာကလည်း သူ့ရဲ့ ဆောင်ပုဒ်ပါပဲ။ ဒါကြောင့်လည်း စစ်အာဏာရှင်စစ်တပ်ရဲ့ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဆိုတာနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီလေ။ အမေစုက ဒီစကားတွေကို စာပေဟောပြောပွဲမှာ ပြောခဲ့တာပါ။ သူဟာ ရောင်းအားကောင်း စာအုပ်တွေကို အင်္ဂလိပ် မြန်မာ ဘာသာတွေနဲ့ ရေးခဲ့တဲ့ စာရေးဆရာမတဦးပါ။ သူက အခုလို ဆက်ပြောခဲ့တယ်။ “လူထုထောက်ခံမှုကို လိုချင်ပေမဲ့လည်း ကျမတို့ဟာ ပြည်သူပြည်သားတွေကို ထိခိုက်စေမယ့် နည်းနဲ့တော့ ထောက်ခံမှုကို ဘယ်တော့မှ ရယူမှာ မဟုတ်ပါဘူး။ ဒီလို ထောက်ခံမှုလည်း ကျမတို့ မလိုချင်ပါဘူး။ ကျမတို့ကို ငြိုငြင်ရင် ငြိုငြင်ပါစေ။ တကယ်ဘဲ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်အပ်တဲ့ကိစ္စတွေဆိုရင် လုပ်ရပါလိမ့်မယ်။”
စုရဲ့တရားနဲ့ စစ်အာဏာရှင်တွေရဲ့ ကြိမ်းမောင်းစကားများ
အမေစုရဲ့ “ပြည်သူပြည်သားတွေကို မထိခိုက်စေချင်ဘူး” ဆိုတဲ့စကားကို ကြားရတော့ တကယ်ပဲ မထိခိုက်အောင် လုပ်ခဲ့သလားဆိုတာ စဉ်းစားကြည့်တယ်။ ပြည်သူကို ဖမ်းဖို့၊ သတ်ဖို့၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့ ဝေးစွ။ ပြည်သူသက်သာအောင် ဧည့်စာရင်းမရှိအောင် လုပ်ပေးခဲ့တယ်။ ဒါကြောင့်လည်း အမေစု အုပ်ချုပ်တဲ့ လက်ထက်မှာ အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တာကတော့ ပြည်သူတွေ အကြောက်တရား နည်းစေခဲ့တာလို့ ပြောရင် မှားမည်မထင်ဘူး။ ပျံကျ အလုပ်အကိုင် အတည်တကျမရှိ ပြည်သူတွေကို ထောက်ပံ့ငွေ တအိမ်ထောင် ကျပ် ၂၀,၀၀၀ စီက ၃ ခါ ဆိုတော့ ၆၀,၀၀၀ ပေးခဲ့တာပါ။ နောက်တခါ တကြိမ်မှာ ၄၀,၀၀၀ ထပ်ပေးတော့ သူ့လက်ထက်မှာ ကျပ် တသိန်းစီ အလကားပေးခဲ့တာပေါ့။ နောက်တခါ ကျပ် ၄၀,၀၀၀ တောင် ထပ်ပေးဖို့ ပြင်နေတုန်း အာဏာသိမ်းသွားလို့လေ။ မသိမ်းရင်။ အမေစု ဆက်ရှိနေရင် ပြည်သူက နောက်ထပ် ၄၀,၀၀၀ ရဦးမှာ။ အဲသည်လို “ပြည်သူကို မထိခိုက်စေချင်ဘူး” လို့ ပြောခဲ့တာနဲ့ ဆန့်ကျင်ဘက် စစ်အာဏာရှင်တွေကတော့ ခပ်ဆိုးဆိုးတွေ ပြောခဲ့ကြပါရဲ့။ ဗိုလ်ချုပ်နေဝင်းက “စစ်တပ်က မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်မယ်။ မင်းတို့ပြည်သူတွေ ဆန္ဒပြရင် မသက်သာဘူးမှတ်” တဲ့ဗျာ။ မင်းအောင်လှိုင်က “မလုပ်ရဲတာ ဘာမှမရှိဘူး” တဲ့။ သူ “မအုပ်ချုပ်ရရင် အားလုံးကို မီးလောင်တိုက်သွင်းခဲ့မယ်” တဲ့။ TNLA ပလောင်လက်နက်ကိုင်အဖွဲ့ကို တရုတ်ပြည်မှာ သွားဆွေးနွေးတုန်းက မင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်က “မင်းတို့တိုင်းရင်းသားတွေက မြို့တွေ သိမ်းထားရင်လည်း နေလို့ မရစေရဘူး။ နေ့တိုင်း ဗုံးလာကြဲနေမှာပဲ။” တဲ့။ အမေစုရဲ့ မေတ္တာစကားတွေနဲ့ ဖီလာဆန့်ကျင် ကြိမ်းမောင်းစကားတွေပေါ့။ ဒါကြောင့်လည်း ဆန္ဒပြသူတွေကို ထောင်ချီပြီး သတ်တာလေ။ ရွာပေါင်းသိန်းချီ မီးရှို့ထားပြီးပြီ။ စာသင်ကျောင်းတွေကို ဗုံးကြဲနေပြီလေ။
အမေစုရဲ့ ငြိမ်းချမ်းရေးဟာ ရတနာကြီးတရပ် ဆိုတဲ့စကား
“ငြိမ်းချမ်းရေး ဆိုတာဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့ နောင်လာနောက်သားတွေအတွက် ရတနာကြီး တရပ် ဖြစ်ပါတယ်။ ဒီရတနာကိုသာ ကျမတို့ဟာ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အမွေအဖြစ်နဲ့ ထားခဲ့ဖို့ လိုပါတယ်။ သယံဇာတပစ္စည်းတွေ ဆိုတာလည်း အရေးမကြီးပါဘူး။ လောလောဆယ် စီးပွားရေး အကျိုးအမြတ်ဆိုတာလည်း အရေးမကြီးပါဘူး။ လောလောဆယ် ကျမတို့ကို ထောက်ခံမှု ရွေးကောက်ပွဲ ထောက်ခံမှု နိုင်ငံရေးထောက်ခံမှု ဘယ်လို ထောက်ခံမှုများဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒီဟာတွေဟာ တခဏနဲ့ ပျောက်သွားမယ့် အမွေအနှစ်တွေ ဖြစ်နိုင်ပါတယ်။ သယံဇာတပစ္စည်းတွေ ဆိုတာလည်း တချိန်တခါမှာ ပျောက်ကွယ်သွားနိုင်တာပဲ။ စီးပွားရေးဆိုတာလည်း အတက်အကျ ရှိတာပဲ။ ဒီကမ္ဘာကြီးမှာ စီးပွားရေး တောင့်တင်းပါတယ် ဆိုတဲ့ နိုင်ငံတွေတောင်မှ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတဲ့အခါ ကြုံကြရတာပဲ။ ဒါပေမဲ့ ကျမတို့ဟာ ကျမတို့ ပြည်ထောင်စုကြီးကို တကယ့်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး အမွေအနှစ်သာ ပေးခဲ့နိုင်မယ် ဆိုရင်တော့ ဒါဟာ သုံးလို့မကုန် ဖြုန်းလို့မကုန်တဲ့ အမွေအနှစ်လို့ ကျမ ပြောချင်ပါတယ်။” ဆိုပြီး ပြောခဲ့တာပါ။ ဒီငြိမ်းချမ်းရေး သုံးမကုန် ဖြုန်းမကုန် ဘဏ္ဍာတွေကို စစ်အာဏာသိမ်းပြီး မင်းအောင်လှိုင်က ဓားပြတိုက်သွားပါပြီ။ ပြည်သူတွေအတွက် မရှိတော့ပါဘူး။ တပြည်လုံး မီးဟုန်းဟုန်းတောက် စစ်ပွဲတွေက နေ့ညမပြတ်တော့ပါဘူး။ အမေစုက ငြိမ်းချမ်းရေး၊ မင်းအောင်လှိုင်က စစ်မီးမွှေး၊ ပြည်သူတွေက စစ်ပြေး စစ်ရှောင်များပေါ့။ ပြောသလိုလုပ်တဲ့ အမေစု လက်ထဲသာ လုပ်ပိုင်ခွင့် ရှိနေဆဲဆိုရင် အခုလို ၅ နှစ်ကာလမှာ ငြိမ်းချမ်းရေး ရနေရောပေါ့။
ပြည်သူ့အတွက်အလုပ်လုပ်ဖို့ ကျမ သမ္မတ လုပ်ချင်ပါတယ်
မင်းအောင်လှိုင်က ပြောတယ်၊ သူလုပ်ချင်လို့ လုပ်ရတာ မဟုတ်ဘူးတဲ့။ မဲစာရင်းမှားလို့ အာဏာသိမ်းရတာပါတဲ့။ အာဏာကို ငမ်းငမ်းတက် မက်မောလို့ လိုချင်လွန်းအားကြီးလို့ အာဏာသိမ်းသွားတာပါ။ လူတိုင်းသိပါရဲ့။ စစ်သားပဲ။ သတ္တိရှိရှိ ငါလိုချင်လို့ အာဏာသိမ်းတယ်ကွာလို့ မပြောရဲသူက စစ်ဗိုလ်ချုပ်ကြီး။ အမေစုကတော့ ကျမ သမ္မတ လုပ်ချင်ပါတယ်။ သမ္မတလုပ်ရမှ လုပ်ပိုင်ခွင့်ရှိမှ ပြည်သူ့အတွက် ငြိမ်းချမ်းရေး စီးပွားရေးတွေ လုပ်ပေးနိုင်မှာမို့ ကျမ သမ္မတ လုပ်ချင်ပါတယ်။ ဗြောင်ပြောပြီ။ ဗြောင်လုပ်တဲ့ မိန်းမဗျ။ ၂၀၀၈ ဥပဒေအရ သူ သမ္မတ မဖြစ်နိုင်တော့လည်း သမ္မတအထက် နေရအောင်လုပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တောင် လုပ်လိုက်သေးတယ်။ သူ့လက်ထက် လမ်းတွေ ကောင်းလာတယ်။ (ကားသမားတွေ အသိဆုံး)၊ ကုန်ဈေးနှုန်းတွေ ဆိုးရာက တည်ငြိမ်လာတယ်။ (အိမ်ရှင်မတွေအသိဆုံး)၊ စစ်ပွဲတွေ မရှိသလောက် နည်းလာတယ်။ (စစ်သားတွေ အသိဆုံး)၊ လျှပ်စစ်မီးတွေ မှန်လာတယ်။ (SME လုပ်ငန်းရှင်တွေ အသိဆုံး)၊ ဇောက်ထိုးဆင်း အခြေအနေတွေကနေ အတက်ကို ဦးတည်လာခဲ့တာပေါ့။ အဲဒါကို မဲစာရင်း အကြောင်းပြ လက်နက်အားကိုး သိမ်းလိုက်တော့ အကုန် ပျက်ကုန်တာပေါ့။ တပြည်လုံးက ပြည်သူတွေ ကျီးလန့်စာစား ဖြစ်ကြရရုံတင်မက အာဏာသိမ်း စစ်တပ်ကြီးတခုလုံးလည်း ကျီးလန့်စာစားဖြစ်ပြီး ကပ်ဘေးသင့်နေကြပြီ။ အဲဒါ အမေစုရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည်ခဲ့တာရဲ့ အကျိုးဆက်ပေါ့။ အမေစုကို သမ္မတလုပ်ခွင့် မပေးတာကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးတွေပေါ့။
အမေစုရဲ့ ပညာရေးအတွက် အရေးကြီးဆုံးစကား
“ဘွဲ့ရမှ ပညာတတ်တယ်လို့ ထင်နေကြတယ်။ အဲဒါ မဟုတ်ပါဘူးလို့ ကျမတို့ အတန်တန် အလီလီ ပြောရပါတယ်။ တက္ကသိုလ်ဘွဲ့ ရပြီးတော့ အလုပ်မရနိုင်လို့ရှိရင် ဘာလုပ်မလဲ။ ပညာသင်တယ်ဆိုတာ ကိုယ့်ဘဝကိုယ် ထိန်းကြောင်းနိုင်ဖို့ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့အတွက် ပညာသင်တာပဲ။ အဲဒါကို အဓိကထားပြီးတော့ အားပေးနိုင်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့မိဘတွေဟာ တက္ကသိုလ်ဘွဲ့ ရတာကို လက်တွေ့ကျကျ မကြည့်ဘဲနဲ့ ဂုဏ်ပကာသန တခုလို ကြည့်တယ်။ ဘွဲ့ဝတ်စုံကြီးနဲ့ ဓာတ်ပုံရိုက် ချိတ်ထားတာက အရေးကြီးနေတယ်လို့ ထင်နေကြတယ်။ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိတ်ဓာတ်တွေ မထားသင့်ဘူး။ လက်တွေ့ကျကျ ကိုယ့်ရဲ့သားသမီးတွေကို အသက်မွေးဝမ်းကြောင်းပညာ သင်ချင်ဖို့ကို အားပေးစေချင်တယ်။ ဘွဲ့ရပြီးတော့ တကယ် အလုပ်ရနိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့နော်။ ဘွဲ့သာရ အလုပ်မရရင် နှစ်ပေါင်းများစွာ ပညာသင်ခဲ့ရတာတွေက ဘာအတွက်လဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ဘွဲ့ရ အလုပ်လက်မဲ့တို့၊ BED ပြဇာတ်မင်းသားတို့၊ ဆရာဝန် ဆေးထုတ်ရောင်းစားတို့ ဖြစ်နေခဲ့ရတာက သာဓကတွေပါ။ ဒါကြောင့် အမေစုဟာ အာဏာရလာတာနဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေ တည်ထောင်တော့တာပါ။ လေးငါးနှစ် အတော်လေး ပညာရေးတွေ အရှိန်ရလာနေမှ မတရား လောဘသမား အာဏာသိမ်းလိုက်တော့ အရှိန်ရနေတဲ့ မြန်မာ့ပညာရေး ခါးလယ်က အဖြတ်ခံရလိုက်တာပေါ့။ နောက်ထပ်လည်း ပညာရေးဆိုင်ရာ အမေစု ပြောစကားတွေ ရှိနေသေးပါတယ်။
အမေစုရဲ့ ဆုံးမစကား
အမေစုရဲ့ ၈၀ ပြည့်မွေးနေ့က ဇွန်လ ၁၉ ရက်နေ့မှာ ရောက်ပါပြီ။ ဒီအချိန်မှာပဲ ပညာရှိတဦး၊ ဗသုသုတများသူတဦး၊ နိုင်ငံရေးထိပ်သီး ခေါင်းဆောင်ကြီး တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တခုမှာ လူထုက ဆုံးမစကားပြောပေးဖို့ တောင်းဆိုတဲ့အတွက် အခုလို ဆုံးမစကား ပြောခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာ ပြည်သူလူထုကြား တော်လှန်ရေးအဖွဲ့အစည်းတွေ အများအပြားကြား ဒီစကားလေးကို သိရှိ ကြားမိနိုင်ပါစေရေး တင်ပြပေးလိုက်ပါတယ်။ အမေစုက အခုလို ပြောခဲ့တာပါ။
“ညီညီညွတ်ညွတ် နေကြပါ။
တယောက်နဲ့တယောက်
မနာလို မဖြစ်ကြပါနဲ့။
ဒီလို မညီမညွတ်
မနာလို ဖြစ်ကြရင်
တိုးတက်မှု ရှိမှာ မဟုတ်ပါဘူး။”
“ဘယ်ပွဲဖြစ်ဖြစ်၊ ဘာအစီအစဉ်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် မြန်မာပြည်သားတွေ အချင်းချင်း ရန်ဖြစ်ကြတာ၊ အငြင်းပွားကြတာက ဘာဖြစ်လို့လဲဆိုတော့လေ တိုတိုပဲပြောမယ်နော်။ မကြိုက်ရင်လည်း မတတ်နိုင်ဘူး။ အဲဒါကလေ အရေးပါချင်ကြလို့။ အဲ့တော့ အရေးပါချင်စရာ မလိုပါဘူး။ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေလို့ရှိရင် ကိုယ့်မှာ တန်ဖိုးရှိပြီးသားပဲ။ ဘယ်နေရာမှာမှ ရှေ့တိုးနေဖို့ မလိုဘူး။ ကျမ ရှေ့တန်းမှာနေတဲ့သူတွေကိုလည်း နောက်တန်းက လူတွေထက် ပိုပြီး တန်ဖိုးမထားပါဘူး။ စင်မြင့်ပေါ်တက်ရသူတွေကိုလည်း စင်မြင့်အောက်က သူတွေထက် ပိုပြီးတော့ တန်ဖိုးမထားပါဘူး။ လူတိုင်း လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ အဲဒါကို ယုံကြပါ။ ကျမ ခဏ ခဏ ပြောပါတယ်။ ကျမတို့ ပြည်သူပြည်သားတွေဟာ တယောက်နဲ့ တယောက် မနာလိုတာ တယောက်နဲ့တယောက် စောင်းမြောင်းကြတာ တယောက်နဲ့တယောက် တိုက်ခိုက်ကြတာဟာ အခြေခံအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ဘဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ရှိရင် ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်အောင်လို့ နေသွားကြပါ။ ယုံကြည်နိုင်အောင်လို့ နေသွားကြပြီ ဆိုလို့ရှိရင် အချင်းချင်း တကယ့်ကို ညီညွတ်မှု ရပါလိမ့်မယ်လို့ ကျမက ပြောချင်ပါတယ်။”
မှန်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တဦးချင်းက ကြိုးစား လေ့လာ လုံ့လ ဝီရိယတွေ ထားကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ကြပြီး မနာလို ဝန်တိုတာတွေ မထားကြဘဲ ၈၀ ပြည့် အမေစု ပြောခဲ့တဲ့အတိုင်း ညီညွတ်ရေးကို တည်ဆောက်ကြပါစို့။ ဒါမှလည်း စစ်အာဏာရှင်တွေကို ရှင်းလင်း ဖယ်ရှားနိုင်ပြီး အောင်ပွဲမုချ ရရမှာပါ။ ။