
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုအတွက် ထိပ်ဆုံးနေရာကနေ ရေပန်းစားမှုကပင် ကြီးမားတဲ့အောင်ပွဲဖြစ်နေပြီ ဖြစ်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီက ပြောသွားပါတယ်။
ဒမ်ဘီလီဟာ မနှစ်ကရာသီက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်နဲ့ အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး တရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာပါ။
ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်အယောက် ၃၀ စာရင်းမှာ ဦးစွာပါဝင်ဖို့ မျှော်လင့်ပြီး ဆန်ခါတင်စာရင်းမှာ ပါဝင်တာနဲ့ ဆုရဖို့ ရေပန်းစားတာကပဲ ကြီးမားတဲ့အောင်ပွဲ ဖြစ်နေပြီဖြစ်ကြောင်း ဒမ်ဘီလီက ပြောပါတယ်။
ဒမ်ဘီလီနဲ့အပြိုင် ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ကလည်း နောက်ကလိုက်နေပေမဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ခဲ့တဲ့ ဒမ်ဘီလီက ဘလွန်းဒီအောဆုရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။