Home
မြန်မာသတင်း
ပုလဲမြို့နယ် တိုက်ပွဲအတွင်း လမ်းမှားလာသည့် စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်ဖမ်းမိ
DVB
·
June 15, 2025

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တိုက်ပွဲတွေအတွင်း လမ်းမှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တယောက်ကို ဇွန် ၁၀ ရက်နေ့ မနက်အစော ၂ နာရီဝန်းကျင်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်း (Guerilla Ranger) ဆီကနေ သိရပါတယ်။

Guerilla Ranger ရဲ့ တပ်ဖွဲ့ဝင်ရဲဘော်တယောက်က “တိုက်ပွဲတွေဖြစ်လို့ လူစုကွဲလာတဲ့ စစ်သား တယောက်က လမ်းမှားလာပြီးတော့ ကျနော်တို့တပ်ဖွဲ့နဲ့တိုးတာနဲ့ ဖမ်းထားလိုက်တာပါဗျ” လို့ ပြောပါတယ်။

အဲဒီစစ်သားဟာ ပုလဲမြို့နယ်ထဲကတိုက်ပွဲတွေဆီ စစ်ကူသွားတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန် ၉ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြလို့ တိုက်ပွဲထဲကနေ ထွက်ပြေးရင်း လူစုကွဲပြီး လမ်းမှားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်း (Guerilla Ranger) ရဲ့ တာဝန်ရှိသူက “အဲဒီတိုက်ပွဲက အင်မထီးရွာနဲ့ ကန်ဒေါင့်ရွာကြားမှာ ဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲထဲမှာ သူတို့စစ်ကြောင်းဘက်က အထိနာပြီးတော့ ကစဉ့်ကလျားထွက်ပြေးကြရင်း လူစုကွဲ လမ်းမှားပြီးတော့ ဒုတပ်ကြပ် စိုးဝင်း က ကျနော်တို့ ကာကင်းတခုရှိတဲ့နေရာကို နောက်နေ့မနက် ၁၀ နာရီလောက်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာတာ။ သူ့ပုံစံက မူးယစ်ဆေးသုံးထားတဲ့ပုံစံ ဖြစ်နေတယ်။ ကြောင်တောင်တောင်ပုံစံပေါ့။ ကျနော်တို့ကို သူတို့တပ်ဖွဲ့ထဲကလူတွေလို၊ သူ့အထက်အရာရှိလိုပုံစံမျိုးနဲ့ ကောင်းကောင်းမွန်မွန်ပြန်ပြီး ပြောဆိုဆက်ဆံနေတာကတော့ ထူးခြားတယ်။ သူ့အခြေအနေအရ စိတ်မချရသေးလို့ သတင်းထုတ်ပြန်ဖို့မရှိသေးပေမယ့် အားလုံးက သိချင်နေကြလို့ ထုတ်ပြောလိုက်တာ။ သူ့ကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ရင်း လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒုတပ်ကြပ် စိုးဝင်းဆီကနေ MA11 သေနတ် ၁ လက်၊ ကျည်အတောင့် ၂၀၀ နဲ့ အီနာဂါ ဗုံးသီး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲလေယာဉ် ပစ်ချခံရပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေကို မြေပြင်စစ်သည် အင်အားအလုံးအရင်း တိုးမြှင့်ချထားပြီး လေကြောင်းကနေလည်း အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေတဲ့ အနီးအနားက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024