
မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာမှာ အသက် ၉ နှစ်အရွယ် ကလေးကို သတ်ပြီး နားကပ်လုယူခဲ့တဲ့ လင်မယား ၂ ယောက်ကို ပုဒ်မ ၃၉၄၊ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒဟတ္တန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၉ နှစ်အရွယ် မနှင်းရတီဟာ ဇွန် ၇ ရက်က နေအိမ်ကနေ ပျောက်ဆုံးသွားပြီးနောက် ဇွန် ၁၁ ရက်မှာ အသတ်ခံရတဲ့အနေအထားနဲ့ ကျေးရွာသုသာန်အနီးမှာ ပြန်တွေ့ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ကလေးဆီက နားကပ်လိုချင်လို့ တရွာတည်းနေတဲ့ လင်မယားက အိမ်ကိုခေါ်ပြီး နားကပ်ဖြုတ်ယူတာ ကလေးက အော်ဟစ်နေလို့ ခေါင်းကို အိမ်တိုင်နဲ့ရိုက်ပြီး သတ်လိုက်တာ၊ သတ်ပြီးတော့ အလောင်းကို ပီနံအိတ်နဲ့ထုပ်ပြီး ရွာက သုသာန်မှာ လွှင့်ပစ်ထားတာ။”
မနှင်းရတီ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရွာတည်းနေ ကိုစိုးမင်းအောင်နဲ့ မလင်းဇာနည်ဇော်တို့ကို ဇွန် ၁၂ ရက်က ခေါ်ယူစစ်ဆေးခဲ့ရာ လူသတ်မှုနဲ့ လုယူခဲ့တဲ့ နားကပ်ကို ရောင်းချစားသောက်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ကလေးကို နားကပ်ဖြုတ်ရင်း အော်နေတော့ တိုင်နဲ့ ခေါင်းနဲ့ရိုက်သတ်လိုက်တာ။ သတ်ပြီး သံသေတ္တာထဲ ထည့်ထားတာ၊ နောက်ရက်မှ ပီနံအိတ်ထဲထည့်ပြီး သုသာန်မှာ သွားလွှင့်ပစ်တာ။ ရွာက ဆိတ်ကျောင်းသားက တွေ့လို့ ဒီအမှုပေါ်တာ။”
ပြစ်မှုကျူးလွန်သူ ကိုစိုးမင်းအောင်နဲ့မလင်းဇာနည်ဇော်တို့ကို (ပ) အမှတ် ၂၃/၂၀၂၅ ပုဒ်မ ၃၉၄ ၊၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။