ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက် ၂ ခုမှာ ရေကြီးနေပြီး အိမ်ထောင်စု ၁၀၀ ကျော်၊ ခန့်မှန်းလူဦးရေ ၄၀၀ လောက် ရေဘေးရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ညောင်ရွှေမြို့မှာ မြို့ပေါ်ရပ်ကွက် ၈ ခုရှိတဲ့အနက် မြို့အဝင်ချောင်းနဲ့နီးတဲ့ သာစည်ရပ်ကွက်နဲ့ ကန်သာရပ်ကွက်က လူနေအိမ်ထဲမှာ ရေ ၂ ပေကျော်လောက်အထိဝင်နေသလို အင်းလေးအဝင်ချောင်းထဲမှာလည်း ကမ်းစပ်ကနေ ၅ ပေလောက်အထိ ရေတက်နေတာ ဖြစ်ပါတယ်။
သာစည်နဲ့ ကန်သာရပ်ကွက်တို့က တထပ်အိမ်နဲ့နေထိုင်ကြတဲ့ အခြေခံလူတန်စားတွေက အိမ်ထဲနေထိုင်လို့မရတော့တာကြောင့် ကိုယ်ထူကိုယ်ထရွှေ့ပြောင်းနေရသလို ကူညီရေးအဖွဲ့တွေ အကူအညီနဲ့ ပြောင်းရွှေ့နေကြတာလည်းရှိပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကမ်းစပ်ကနေဆိုရင် ၅ ပေကျော်လောက် တက်သွားတယ်။ မြို့ထဲမှာ ၂ ပေကျော်လောက်ဝင်နေပြီ။ မြို့ရဲ့ ၃ ပုံ ၁ ပုံလောက်က ရေဝင်နေပြီ။ အခု မိုးမရွာဘူး။ နေပူနေတာက နည်းနည်းတော့အဆင်ပြေတယ်။ မိုးထပ်ရွာရင် မလွယ်ဘူး။ ကန်သာကတော့ တရပ်ကွက်လုံးနီးနီးတော့ မြုပ်သွားပြီ။ အိမ်ထောင်စု ၁၀၀ ကျော်က ပြောင်းနေပြီ။ ကျန်တဲ့သူတွေက ရေ ဒီထက်တက်လာမှ ပြောင်းဖို့ အခြေအနေကြည့်နေကြပါတယ်”လို့ ပြောပါတယ်။
ရေဘေးရှောင်သူတွေဟာ မြို့အရှေ့မြောက် ရေလွတ်ရာဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းတွေထဲ လတ်တလောနေနေကြရပြီး ၂ ထပ်အိမ်မှာနေထိုင်သူတွေကတော့ အပေါ်ထပ်တွေမှာ နေနေကြသလို ရေထပ်တက်လာမှ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။
ရေဘေးရှောင် အိမ်ထောင်စုတွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေလည်းပါပြီး ရေကြီးနေတာကြောင့် ကျောင်းနားထားရသလို နောက် ၃ ရက်လောက်အထိ ရေပြန်မကျရင်တော့ ရာနဲ့ချီတဲ့လူဦးရေအတွက် စားသောက်ရေးပါ လိုအပ်လာမယ်လို့ သိရပါတယ်။
၂ ရက်ဆက်တိုက် မိုးမရွာပေမဲ့ ညောင်ရွှေမြို့ပတ်လည်မှာရှိနေတဲ့ ကန်ကြီး ၉ ကန်ကနေလည်း ရေလျှံပြီး မြို့အဝင်ချောင်းထဲကို ရေစီးဆင်းနေတာကြောင့် နောက် ၃ ရက်အတွင်း ရေထပ်တက်မယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
စီးဆင်းသွားတဲ့ရေတွေကြောင့် အင်းလေးကန်ထဲမှာ ရေမျက်နှာပြင်တက်နေပြီး ကျန်နေသေးတဲ့ မိုးရာသီ ၃ လမှာ ၂၀၂၄ ရေကြီးတာထက် ပိုလာမှာကို စိုးရိမ်နေကြပါတယ်။