တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာ နောက်ဆုံးကျန်နေတဲ့ ထားဝယ်ခရိုင် ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU မြိတ်-ထားဝယ် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ခံလိုက်ရတဲ့ ဗောဓိစခန်းနဲ့ ၁၈ မိုင်အကွာမှာရှိတဲ့ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာပြီး ထိုင်းဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
KNU မြိတ်-ထားဝယ်အတွင်းရေးမှူး ပဒိုစောအယ်နားက “စစ်ကောင်စီဘက်ကတပ်သားတွေ ထိုင်းဘက်ကိုထွက်ပြေးတယ်။ ထိုင်းဘက်ကမကူညီရင် သူတို့ထွက်ပြေးလို့မရဘူး။ ဒါပေမယ့် ဘယ်လိုကူညီပြီး ပို့ဆောင်သလဲဆိုတာတော့ အသေးစိတ်မသိရဘူး”လို့ ပြောပါတယ်။
ဧပြီ၊ မေ၊ ဇွန် ၃ လအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၄ ပူပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ထီးခီး၊ ထီးထ၊ ဘောတိစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
KNLA ရဲ့ ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ‘တနင်္သာရီတလျှောက်လုံးနဲ့ တပ်မဟာ ၄ နယ်မြေမှာရှိနေတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီတပ်တွေကို မောင်းထုတ်ပစ်မယ်’ လို့ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က တနင်္သာရီကမ်ပိန်းမှာ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်မှာ KNU သတ်မှတ်ထားတဲ့ တပ်မဟာနယ်မြေထဲက မြို့ ၃ မြို့၊ စစ်ကောင်စီအခြေစိုက်စခန်း ၆ ခု၊ ဗျူဟာစစ်စခန်း ၆ ခုအပါအဝင် စခန်းကြီးစခန်းငယ် ၂၀၀ နဲ့အထက်ကို KNLA၊ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားတယ်လို့ ISP Myanmar က ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။