
စစ်တပ် အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ သတ္တုတွင်း စီမံကိန်းတွေ ပိုများလာသလို သစ်တောပြုန်းတီးတာတွေလည်း ပိုများလာနေကာ ဘက်ပေါင်းစုံကနေ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေရှိနေပေမဲ့ လူထုအနေနဲ့ ဒါတွေကို ထုတ်ဖော်ပြောခွင့် တွေဆုံးရှုံးနေတယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် သစ်တော ပြုန်းတီးမှု၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ပိုပျက်စီးလာမှုတွေကိုပါ ကြုံတွေ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အခုဇွန်လထဲမှာပဲ ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃ ခုက ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက “ရေကြီးမှုသံသရာနှင့် အဆိပ်သင့်မြစ်ချောင်းများ” ဆိုတဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတကာ သစ်တောပြုန်းတီးမှုတွေကို စောင့်ကြည့်နေတဲ့ Global Forest Watch ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့သစ်တောပြုန်းတီးမှုက ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် ဧကပေါင်း ၇၁၀,၀၀၀ ကျော်ရှိနေပါတယ်။
၂၀၂၄ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုအများဆုံးက ရှမ်းပြည်နယ်ကဖြစ်ပြီး ဧက ၂၀၀,၀၀၀ ကျော်အထိ ပြုန်းတီးနေတာပါ။
ဒီလို သစ်တောပြုန်းတီးမှုကြောင့် အကျိုးဆက်အနေနဲ့ မြစ်ချောင်းတွေအပေါ် သက်ရောက်ပြီး မြစ်ချောင်းတွေကို မှီခိုနေထိုင်ရတဲ့ လူသားတွေကိုပါ ထိခိုက်လာပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝအရင်းအမြစ်တွေပေါ် ပြည်သူတွေအနေနဲ့ စီမံပိုင်ခွင့် ကင်းမဲ့လာသလို စီမံကိန်းတွေလည်း ပိုများလာတယ်ပေမဲ့ ဒီအခြေအနေတွေကို ထုတ်ဖော်ပြောဆိုခွင့်တွေလည်း ဆုံးရှုံးလာကြတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆောင်းနှင်းက “သစ်ခုတ်တာ၊ သတ္တုတွင်းတူးတာတွေ ကြောင့် climate change ဖြစ်ပြီး မြစ်ချောင်းတွေအပေါ် သက်ရောက်မှု ရှိလာပါတယ်။ မြစ်ရေကြီးတဲ့ ဖြစ်စဉ်တွေကြုံလာရပါတယ်။ တောင်တန်းတွေနဲ့နီးတဲ့ မြစ်ချောင်းက သိသာပြီး အပင်တွေမရှိရင် ရေကို မထိန်းသိမ်းထားနိုင်သလို ရေမျက်နှာပြင်မြင့်လာပြီး နုန်းတွေ များလာမယ်။ သတ္တုတူးတာတွေကြောင့်လည်း ဓာတ်ပေါင်းစုံ၊ အာဆင်းနစ် ဓာတ်လိုမျိုး အဆိပ်သင့်တာတွေ ဖြစ်မယ်။ လောဘတွေကြောင့်၊ လူတွေရဲ့ အတ္တတွေကြောင့် မြစ်ချောင်းတွေ တိမ်ကောမယ်၊ သဘာဝတရားကြီးကို လူတွေမှီခိုနေရင်း လူတွေရဲ့ မဆင်မခြင် လုပ်ရပ်ကပဲ လူတွေကို ပြန်ဒုက္ခပေးမှာ ဖြစ်တယ်။ နောက်တခုက ဘယ်ဒေသမှာပဲဖြစ်ဖြစ် သဘာဝအရင်းမြစ် ကြွယ်ဝမှုကို အာဏာနဲ့ ဖိနှိပ်ပြီး အလွဲသုံးစားလုပ်ကြတယ်။ ၂၀၂၁ နောက်ပိုင်းမှာ စကစ အာဏာသိမ်းပြီးနောက် တိုင်းပြည်နဲ့ လူမျိုး အတိဒုက္ခရောက်ရတယ်။ ပြည်သူလူထုအနေနဲ့ ဒါတွေကို ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးလာရတယ်။ သဘာဝအရင်းမြစ်ပေါ် စီမံပိုင်ခွင့်တွေ ကင်းမဲ့လာတယ်။ စီမံကိန်းတွေ ပိုများလာပြီး စစ်အာဏာရှင်ရဲ့ ကုပ်သွေးစုပ်မှုတွေခံရတယ်။ လူနည်းစုတစု အဆင်ပြေပြီး ကောင်းမွန်တဲ့အရာတွေ ရပေမဲ့ လူထုက သဘာဝဘေးအန္တရာယ်တွေ ခံစားနေရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မကြုံစဖူးရေကြီးရေလျှံခဲ့ပြီး မြေပြိုတာ၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေအပြင် အသက်ဘေးအန္တရာယ်တွေပါ ကြုံတွေ့ခဲ့ရပါတယ်။
ဒီနှစ်မှာတော့ မုတ်သုံအဝင်စောတဲ့အတွက် မေလက စလို့ မိုးရွာသွန်းနေသလို လက်ရှိ အချိန်မှာတော့ နေရာတချို့မှာ ရေကြီးရေလျှံ ဖြစ်နေပါတယ်။
ဇွန် ၁၂ ရက် တုန်းကလည်း မိုးရွာသွန်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရေကြီးနေသလို ဇွန် ၁၃ ရက်မှာတော့ အင်းလေး အနောက်ဘက်ကန်ပတ်လမ်း ဇီပင်ကုန်းရွာနားမှာ ချောင်းရေကျော်နေလို့ ရေဘေးအန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။
အခုလို ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်တွေလိုမျိုး ရာသီဥတုတွေ ပြောင်းလဲ ပျက်စီးလာတာကတော့ သစ်တောတွေ ပြုန်းတီးမှုနဲ့ ဆက်စပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စိုင်းခေးဆိုင်က “ဆိုးဆိုးရွားရွား ဘာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လဲဆိုတော့ များသောအားဖြင့် သစ်တောပြုန်းတီးမှုပေါ့၊ သစ်ထုတ်လုပ်မှုက တအားများတယ်။ အကြီးဆုံးက ၂၀၀၃ က စတယ်။ ဘာလို့ အဲ့လို ပြောနိုင်လဲဆိုရင် ၂၀၀၃ မှာ နိုင်ငံခြားကုမ္ပဏီတွေ တော်တော်များများဝင်လာတယ်။ လမ်းတွေ စဖောက်တယ်။ ဒါတနိုင်ငံလုံးလိုလိုပါပဲ။ အဲ့အချိန်တုန်းကတော့ ဘာမှ မဖြစ်သေးဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ သစ်တောပြုန်းတီးမှုမှာကတော့ ဓာတ်သတ္တုတွင်းပေါ့ အဲ့ဒါကလည်း ၂၀၀၄ ခုနှစ်ကနေ နောက်ပိုင်းဆိုရင် စပြီးတော့ တော်တော်များများထုတ်လာတယ်။ အဲ့တော့ ကျနော်တို့ ၂၀၀၃ ကနေ သစ်တောပြုန်းတီးမှုက ရှမ်းပြည်နယ်ကနေ ဟိုးအညာထိ၊ ဧရာဝတီတိုင်းအထိ တနိုင်ငံလုံးလိုလို သစ်တောပြုန်းတီးမှု တအားဖြစ်လာတော့ သဘာဝပတ်ဝန်းကျင်က စပြောင်းလဲလာတယ်”လို့ ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသက တရုတ်သတ္တုလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းလာတဲ့ နမ့်ခုတ်မြစ်ရေထဲ အာဆင်းနစ်ဓာတ်တွေကြောင့် မြစ်ရေ အဆိပ်သင့်မှုအပေါ် ထိုင်းနိုင်ငံက ဒေသခံတွေဟာ ထိုင်းအစိုးရကို ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာတော့ အခုလို မြစ်ရေ အဆိပ်သင့်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် စီးဆင်းမှုတွေ နည်းပါးသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ္တုတူးဖော်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း စစ်အစိုးရဘက်က တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖော်ပြတာ၊ ထုတ်ပြန်တာမျိုး တခုမှမရှိဘူးလို့ သိရပါတယ်။
မြတ်သဇင်