
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ဇနီး ပဒို နော်လာဖိုး ဟာ ဇွန် ၁၄ ရက် ဒီမနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO)ရဲ့ ခေါင်းဆောင်တယောက်လည်းဖြစ်ပြီး KWO စတင်တည်ထောင်တဲ့ ၁၉၈၅ ခုနှစ်ကစလို့ လုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို ၆ ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူလို့ KWO က ဆိုပါတယ်။
သူဟာ KWO ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပြီး KWO ဥက္ကဋ္ဌဖြစ်နေချိန်မှာ KNU ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်လည်း ဖြစ်ခဲ့ပါတယ်။
ကရင်လူမျိုးအတွက် သူ့ရဲ့ဘဝတခုလုံးကိုမြှုပ်နှံခဲ့တဲ့ အင်မတန်ထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ခေါင်းဆောင်တယောက်ဖြစ်သလို လွတ်လပ်တဲ့ ကော်သူးလေပြည်အတွက် သူ့ရဲ့အိပ်မက်ဖြစ်ကိုလည်း ဖြည့်ဆည်းပေးမယ်လို့ KWO က ထုတ်ပြန်ပါတယ်။
ပဒိုနော်လားဖိုးသည် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ၁၉၆၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး (၇) ဦးထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြနှင့် သမီး ၃ အပြင် မြေး ၂၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ပဒို နော်လာဖိုး နဲ့ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြတို့မှာ သားသမီး ၇ ယောက်ရှိပြီး ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။