
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်က ပြည်နယ်အစိုးရရုံးနဲ့ ငန်းတေးရပ်ကွက်က ဝန်ကြီးတွေအိမ်ရာကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ပြည်နယ်ဥပဒေချုပ်နေအိမ်ကို ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အရင်ဆုံး ပြည်နယ်အစိုးရရုံးကို ဒရုန်းတစင်းလွှတ်တာ Jammer မလွတ်လို့ နောက် ၂ စင်းကို ဝန်ကြီးအိမ်ရာဘက်လွှတ်တာ။ တစင်းက ဥပဒေချုပ်ရဲ့အိမ်ကိုထိသလို အသေခံဒရုန်း နောက်တစင်းက ကျိုက်မရောအဝိုင်းနားက စစ်ဆေးရေးဂိတ်နားမှာ ပျက်ကျခဲ့တာပါ။ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်”
အဲဒီတိုက်ခိုက်မှုကို Saw Dragon Drone Force-SDDF၊ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force နဲ့ ဒေသခံ မွန်ပြည်နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို စစ်ကောင်စီအစိုးရအဖွဲ့ရုံးနဲ့ ဝန်ကြီးအိမ်ရာတိုက်ခိုက်ခံရတာကြောင့် ပြည်နယ်အဆင့် အပါအဝင် မြို့နယ်အဆင့်ထိ ဝန်ထမ်းအိမ်ရာလိုင်းခန်းနေထိုင်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတယ်လို့ စစ်ကောင်စီခန့် ထွေအုပ်ဝန်ထမ်းတွေဆီက သိရပါတယ်။