
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေဟာ ဖမ်းဆီးမခံရအောင် စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်ပြီး အဖွဲ့ဝင်အင်္ကျီကိုလည်း ဝတ်ဆင်နေကြရတယ်လို့ သိရပါတယ်။
နက်ပြာရောင်အင်္ကျီရဲ့ကျောဘက်မှာ အဖွဲ့ဝင်နံပါတ်နဲ့ အဲဒီအဖွဲ့နာမည်အတိုကောက် ‘ပသလခရ’ စာသားရိုက်ထားပြီး ရှေ့ဘက်မှာတော့ စစ်ကောင်စီလက်ခံထားတဲ့ နိုင်ငံအလံတံဆိပ် ရိုက်ထားပါတယ်။
အဲဒီအင်္ကျီကို ရပ်ကွက်ရုံးမှာ ငွေပေးသွင်းထုတ်ယူရတာဖြစ်ပြီး အင်္ကျီဝတ်ထားရင် မဖမ်းဘူးလို့ ဆိုတာကြောင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်သူတွေ တိုးလာတယ်လို့ ဘေးတွဲဆိုင်ကယ် မောင်းသူတယောက်က ဆိုပါတယ်။
“ဖမ်းမှာကြောက်လို့သာ အင်္ကျီအပြာထပ်ဝတ်ထားကြတာ။ သူတို့အဖွဲ့နဲ့ မပတ်သက်ချင်ကြဘူး။ တချို့ခရီးသည်တွေဆိုရင် အဲဒီအင်္ကျီဝတ်ထားတာကြည့်ပြီး မကြည်သလိုဆက်ဆံတာမျိုး ကြုံရတယ်”
ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်တဲ့သူတွေကို ဘေးဆိုင်ကယ်အဖမ်းမခံရဖို့မက်လုံးပေးထားသလို ညဘက်ကင်းလှည့်ရာမှာ အလှည့်ကျလိုက်ရတာ၊ မသင်္ကာသူတွေတွေ့ရင် သတင်းပေးပို့ စောင့်ကြည့် စေခိုင်းထားတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
အရင်ကလည်း ဘေးတွဲဆိုင်ကယ်သမားတွေကိုစည်းရုံးပြီး ဆိုင်ကယ်ရှေ့မှာ ပသလခရ စာသားစတေကာ ကပ်ပေးတဲ့နည်းလမ်းသုံးခဲ့ပြီး ဒီရက်ပိုင်းမှာ ဘေးတွဲတွေ ဖမ်းဆီးတာတွေရှိပြီးတဲ့နောက် အခုလို အင်္ကျီထုတ်ပေးလာတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဘက္ထရီစက်ဘီး၊ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေခပ်စိပ်စိပ်လုပ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်တွေဖမ်းဖို့ပြောပြီးနောက်မှာ ဘေးတွဲဆိုင်ကယ်တွေ ပိုပြီး ဖမ်းဆီးခံလာရလို့ အဖမ်းမခံရအောင် ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ဝင်သူတွေများလာတာလို့ ဘေးတွဲမောင်းသူတချို့က ဆိုပါတယ်။