
စည်တော်သံ
အခုတလော နွေဦးတော်လှန်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေကြသူတွေ၊ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်နိုင်ခြင်း မရှိပေမဲ့ အဲဒီတိုက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးကူညီနေကြသူတွေကြားမှာ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြတဲ့ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ နိုင်ငံလုံးဆိုင်ရာ တပ်ပေါင်းစုကြီးတခုဖွဲ့ဖို့လိုအပ်နေပြီဆိုတဲ့အသံ ပိုပြီး ကျယ်လောင်လာနေပါတယ်။
တပ်ပေါင်းစုဆိုတဲ့ ဝေါဟာရမှာ ပုံစံနှစ်မျိုး ရှိပါတယ်။ တမျိုးက မြေပေါ်နိုင်ငံရေးပါတီတွေရဲ့ အပေါင်းအစု ဖြစ်ပြီး နောက်တမျိုးက လက်နက်ကိုင်အဖွဲ့တွေရဲ့ အပေါင်းအစုပါ။ လွတ်လပ်ရေးခေတ်ဦးပိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ (ပမညတ) က ပထမအမျိုးအစားရဲ့ ဥပမာတခု ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားက ၁၉၄၈ မှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ (မဒညတ) မှသည် လက်ရှိ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖော် .. အထိပါပဲ။
လက်နက်ကိုင်တပ်ပေါင်းစု အတွေးအခေါ်ရဲ့ မူလဇာစ်မြစ်က အင်အား (လူသူ၊ လက်နက်၊ ဘဏ္ဍာအရင်းအမြစ်၊ နယ်မြေထိန်းချုပ်မှု၊ အမိန့်ပေးစနစ်) ပိုမိုကြီးမားတဲ့ ရန်သူကို အနိုင်တိုက်နိုင်ဖို့ ဘုံရည်မှန်းချက်ချင်း တူညီတဲ့အဖွဲ့တွေ အမိန့်ပေးစနစ်တခုအောက်မှာ ပေါင်းစည်းကြရမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီအယူအဆမှာလည်း ပုံစံနှစ်ခု ရှိပါတယ်။ တခုက စာရွက်ပေါ်မှာ အဖွဲ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီးဖွဲ့တဲ့ တပ်ပေါင်းစုဖြစ်ပြီး နောက်တမျိုးက အဲသလို စာချုပ်ချုပ်ဆို ဖွဲ့စည်းခြင်းမျိုး မရှိပေမဲ့ ဘုံရန်သူကို ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ တိုက်ခိုက်ချေမှုန်းတဲ့ပုံစံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာလည်း အဲဒီပုံစံ နှစ်မျိုးနဲ့တိုက်တဲ့ တပ်ပေါင်းစုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်နိုင်ငံများအုပ်စုနဲ့ ဝင်ရိုးတန်းနိုင်ငံများအုပ်စုတို့ဟာ ဒုတိယပုံစံနဲ့ တိုက်ခဲ့ကြတဲ့ တပ်ပေါင်းစုတွေ ဖြစ်ကြပါတယ်။ NATO က ပထမပုံစံ တပ်ပေါင်းစု ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမတိုင်မီအထိရှိခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ်က အာဏာရအစိုးရကတဖက်၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေး တော်လှန်ရေးအဖွဲ့တွေကတဖက် တိုက်ခိုက်ခဲ့ကြတဲ့စစ် ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် (Main Actor) သုံးယောက်ပါဝင်တဲ့စစ်ပွဲ ဖြစ်ပါတယ်။ ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ် ပြိုကွဲသွားခဲ့ပြီးနောက်မှာ အဓိကဇာတ်ဆောင် နှစ်ယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းစစ်ရဲ့ အဓိကဇာတ်ဆောင်တယောက်ဖြစ်တဲ့ စစ်တပ်က ၁၉၄၁ ဒီဇင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဘီအိုင်အေ အမည်ရှိ အဲဒီစစ်တပ်က ဗြိတိသျှတပ်တွေကို တိုက်ထုတ်ဖို့ ဂျပန်တပ်နဲ့အတူ နောက်နှစ်မှာ မြန်မာပြည်ထဲ ဝင်လာတော့ ပြည်သူတွေရဲ့ တခဲနက် ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ၁၉၄၅ မတ် ၂၇ မှာ စတင်ဆင်နွှဲတဲ့ တော်လှန်ရေးနဲ့ ဖက်ဆစ်ဂျပန်တပ်တွေကို တိုက်ခိုက်မောင်းထုတ်လိုက်နိုင်ချိန်မှာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ နိုင်ငံလွတ်လပ်ရေးရပြီး မကြာမီမှာ ပြည်တွင်းစစ် စဖြစ်တော့ ပြည်သူအစိတ်အပိုင်းတချို့ ဟိုဘက် ဒီဘက် ပါခဲ့ကြပေမဲ့ ပြည်သူလူထု ဧရာမ အများစုကြီးကတော့ ပွဲကြည့်ပရိသတ်အဖြစ်သာ ရှိခဲ့ကြပါတယ်။ ၁၉၆၂ မှာ ပေါ်ပေါက်ခဲ့တဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းကစပြီး စစ်တပ်ရဲ့ပုံရိပ် တရွေ့ရွေ့ ကျဆင်းလာခဲ့ပေမဲ့ ၁-၂-၂၀၂၁ မတိုင်မီအထိမှာ စစ်တပ်အပေါ် ပြည်သူတွေက မျှော်လင့်ချက်ထားနေခဲ့ကြသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ အဓိကဇာတ်ဆောင် နှစ်ယောက်နဲ့ ပတ်သက်လို့ကတော့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်း အောင်မြင်တာကြောင့်ရော၊ သူတို့ကိုယ်တိုင်ရဲ့ အားနည်းချက်အသီးသီးကြောင့်ပါ ပြည်သူတွေက သူတို့အပေါ် ယုံကြည်ကိုးစားမှု အားနည်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် မအလ စကစရဲ့ အာဏာသိမ်းမှု မတိုင်မီအထိ မြန်မာ့ပြည်တွင်းစစ်မှာ ပြည်သူတွေရဲ့ အနေအထားက ပွဲကြည့်ပရိသတ်အဆင့်သာ ဖြစ်ခဲ့ပါတယ်။
ကျနော် ဆွေးနွေးချင်တာက တော်လှန်ရေးအဖွဲ့တွေရဲ့ တပ်ပေါင်းစု အယူအဆက ပြည်သူမပါတဲ့ ပြည်တွင်းစစ် တနည်းအားဖြင့် ပြည်သူမပါတဲ့တော်လှန်ရေးဆိုတဲ့ အခင်းအကျင်းဟောင်း (ဝါ) အထိုင်ဟောင်းပေါ်မှာ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဲဒီအထိုင်ဟောင်းပေါ်မှာ တည်ဆောက်ထားတာကြောင့်ပဲ ပေါ်ပေါက်ခဲ့သမျှတပ်ပေါင်းစုတွေ မအောင်မြင်ခဲ့တာလို့ ကျနော် ယူဆပါတယ်။
၂၀၂၁ ခုနှစ် အာဏာလုမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်း ဖက်ဖြိုခွဲပြီး မီးနီဖြတ်မောင်းလိုက်တော့မှ ပြည်သူတွေစစ်တပ်အပေါ် လိုင်းပြတ်သွားကြပါတယ်။ ပြည်သူလူထုအများစုကြီး ပွဲကြည့်ပရိသတ်ဘဝကို စွန့်လွှတ်ပြီးကိုယ်တိုင်ပါဝင် ကပြသူဖြစ်လာပါ တယ်။ မြန်မာ့ပြည်တွင်းစစ်ရဲ့ အထိုင်ဟောင်းချုပ်ငြိမ်းပြီး အထိုင်သစ်ပေါ်လာပါတယ်။ ဒီအခြေအနေကို အကောင်းဆုံးဖေါ်ပြနိုင်တာတခုက ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO) ထူထောင်မှု ၆၄ နှစ် မြောက်အခမ်းအနားမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။
အထိုင်သစ်မှာ အထိုင်ဟောင်းနဲ့မတူတဲ့ အဓိကအချက် ၃ ချက်ရှိပါတယ်။ ပထမအချက်က ရှေ့မှာ ဖေါ်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ပြည်သူတွေရဲ့အနေအထားပြောင်းလဲသွားမှုဖြစ်ပါတယ်။ ဒုတိယ အချက်က ပထဝီနိုင်ငံရေးအခြေအနေ အထူးသဖြင့်မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်နဲ့ ရုရှားတို့ရဲ့ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်စွက်ဖက်လာမှု ဖြစ်ပါတယ်။ တတိယအချက်က သတင်းနည်း ပညာ အပါအဝင် နည်းပညာပေါက်ကွဲမှုဖြစ်ပါတယ်။ အဲဒီအချက် ၃ ချက်ကို လေ့လာကြည့်လိုက် တဲ့အခါ ပထမအချက်က တော်လှန်ရေးအတွက် အခွင့်သာမှု၊ ဒုတိယအချက်က တော်လှန်ရေး အတွက် အခွင့်မသာမှု၊ တတိယအချက်ကတဖက် ငါးဆယ်စီ ဖြစ်ပါတယ်။
ဒီတော့နွေဦးတော်လှန်ရေးအောင်မြင်ဖို့ ဆန္ဒပြင်းပြနေကြသူတွေထဲက တပ်ပေါင်းစုကိစ္စပြော နေကြသူတွေအနေနဲ့ အဲဒီအထိုင်သစ်ပေါ်မှာ စဥ်းစားပြောဆိုကြမယ်ဆိုရင် အဖြေမှန်ရဖို့ ပိုမြန်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ တကယ်တော့တပ်ပေါင်းစုကိစ္စကို အထိုင်သစ်ပေါ်က စဥ်းစားဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေ အခုကိုပဲရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖေါ်၊ (NUG+K3C) ၊ (The seventh) တို့က ဥပမာတချို့ဖြစ်ပါတယ်။ တပ်ပေါင်းစုအမည်မခံပေမဲ့ နိုင်ငံရဲ့ နေရာဒေသအနှံ့မှာ စစ်ကောင်စီတပ်တွေကို တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ချိတ်ဆက် ညှိနှိုင်းပူးပေါင်းတိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ရှိနေ ပါတယ်။
နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးဘက်တော်သားတွေဟာ သမိုင်းမှာတခါမှမရဖူးတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ အဲဒီအောင်မြင်မှုတွေကို ဘယ် ERO ၊ ဘယ် PDF ကမှ တဖွဲ့ချင်း ရယူနိုင်ခဲ့တာမဟုတ်ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တိုင်းက ဘုံရန်သူ စကစကို မိမိတို့ရဲ့ နယ်မြေဒေသအသီးသီးမှာ တိုက်ခိုက်ချေမှုန်းကြတဲ့ တပ်ပေါင်းစုလုပ်ဟန်နဲ့ ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ထီးလို နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီး မပေါ်ပေါက်သေးပေမဲ့ ဒေသဆိုင်ရာ တပ်ပေါင်းစုတွေ ရှိနေပြီဆိုတာ ကပကတိအရှိတရားဖြစ်ပါတယ်။ In literal အရ မဟုတ်သေးပေမဲ့ In spirit အရရှိနေပြီ ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုလုပ်ဟန်က စကစ ရဲ့ လည်မျိုကို တင်းသထက်တင်းအောင် ညှစ်လာနေတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။
အခုအထိတင်ပြခဲ့တဲ့အချက်တွေအရ ကျနော်အဓိကထားဆွေးနွေးချင်တာက လောလော ဆယ်မှာ တော်လှန်ရေးအဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးဖွဲ့ဖို့ သမိုင်းရေးလိုအပ်ချက် မရှိသေးဘူးဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့်အဲသလို တပ်ပေါင်းစုကြီးပေါ်ပေါက်လာဖို့ နွေဦး ဘက်တော်သား နိုင်ငံရေးအင်အားစုတွေအနေနဲ့ အလျင်စလို လှုံ့ဆော်တွန်းအားပေးဖို့ မလိုအပ် သေးဘူးလို့ ကျနော်မြင်ပါတယ်။
ဒီလိုဆိုရင် အဲသလို တပ်ပေါင်းစုကြီးဖွဲ့ဖို့ လိုအပ်ချိန်က ဘယ်အချိန်လဲဆိုတဲ့မေးခွန်းမေးစရာရှိ ပါတယ်။ စကစရဲ့ လည်မျိုကို အသေညှစ်တော့မယ့် အချိန်၊ တနည်းအားဖြင့် အာဏာလု စစ်ကောင်စီအပေါ် မဟာဗျူဟာမြောက် အထွေထွေထိုးစစ်ကြီး စတင်တော့မယ့်အချိန်က နိုင်ငံလုံးဆိုင်ရာ တပ်ပေါင်းစုကြီး မဖြစ်မနေဖွဲ့ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့် အမြင်က အဲဒီမတိုင်မီမှာ အရေးကြီးတဲ့ အဆင့်တခုရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေး တပ်ပေါင်းစုကြီး တရပ် ပေါ်ပေါက်လာဖို့ (တနည်း) တော်လှန်ရေးဘက်တော်သား အားလုံး မဟုတ်တောင် များနိုင် သမျှ အများဆုံး (မူအရ) သဘောတူလက်ခံတဲ့ ဖက်ဒရယ်ဒီ မိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ပေါက်လာဖို့ ဖြစ်ပါတယ်။ ခိုင်မာတဲ့နိုင်ငံရေး သဘောတူညီမှုနောက်မှာသာ ခိုင်မာတဲ့ စစ်ရေးသဘောတူညီမှုက ကျွဲကူးရေပါ ပါလာမှာဖြစ်ပါတယ်။
‘ဒါကြောင့်နွေဦးတော်လှန်ရေး ဘက်တော်သား နိုင်ငံရေးအင်အားစုတွေအနေနဲ့ လက်ရှိ အခြေအနေမှာ စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်လာရေးအစား နိုင်ငံရေးတပ်ပေါင်းစု ပေါ်ပေါက်လာရေးအတွက်သာ အားထည့်လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ နိုင်ငံရေးတပ်ပေါင်းစုကြီး အမြန်ဆုံးပေါ်ပေါက်လာစေဖို့အတွက် နွေဦးခေါင်းဆောင်တွေကို ဖိအားပေးတောင်းဆိုကြတဲ့ တချိန်တည်းမှာ သူတို့ရွေးချယ်စရာနည်းလမ်းတွေကိုလည်း အကြံပြု ပံ့ပိုးပေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ နိုင်ငံရေးတပ်ပေါင်းစုကြီး (တနည်း) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက်မှာ သဘာဝအကျိုးဆက် (corollary) အဖြစ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်သစ်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်လာမယ့် တော်လှန်ရေးတပ်ပေါင်းစုကြီးလည်း အဆင့်လိုက် စနစ်တကျပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
စည်တော်သံ
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)