
ဧရာဝတီတိုင်း ကျုံပျော်မြို့ပေါ်မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီက ရေမြောင်းတွေ တူးဖို့အတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံပျော်မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး ရပ်ကွက်အားလုံက အိမ်အကုန်လုံး ရေမြောင်းတူးဖို့ တအိမ်ကို ကျပ် ၄၀,၀၀၀ ကျပ် ထည့်ဝင်ပေးရတယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့ခံတယောက်က “ရေမြောင်းတူးတာ၊ အမှိုက်သိမ်းတာက သူတို့အလုပ်လေ၊ ပြည်သူတွေက အခွန်အားလုံးပေးဆောင်ထားကြတာ။ ခုက ရေမြောင်းတူးဖို့ဆိုပြီး တအိမ်ထောင်ကို ၄၀,၀၀၀ ကျပ်စီ မဖြစ်မနေ ထည့်ပေးလိုက်ရပြီး သူတို့က ရပ်ရွာဖွံ့ဖြိုးရေးလုပ်နေတယ်ဆိုပြီး လိမ်လည်နေတာ။ ကိုယ့်ဘာသာ လူငှါး စက်ယန္တရားတွေ ငှါးသုံးရင်တောင် အဲလောက်မကုန်ဘူး၊ ခုက ငွေထည့်ရတဲ့အိမ်ခြေက ၅,၀၀၀ ထက် မနည်းရှိတယ်” လို့ ပြောပါတယ်။
ဇွန် ၄ ရက်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရပ်မိရပ်ဖတွေကို ကျုံပျော်မြို့ပေါ်ခေါ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှုးက PDF တွေ့ရင် သူတို့ဆီလာပို့ဖို့၊ သူတို့ပြောတဲ့အတိုင်း မလုပ်ရင် ကျုံပျော်မြို့နယ်တခုလုံး ပန်းတောကြီးလို ဖြစ်သွားမယ်လို့ ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။