Home
မြန်မာသတင်း
ရန်ကုန်တွင် ပုံစံမျိုးစုံဖြင့် ခိုးဆိုးလုယက်မှုများ ကျူးလွန်နေ၊ ဥပဒေအရ အရေးမယူနိုင်
DVB
·
June 14, 2025

ရန်ကုန်မှာ ခိုးဆိုးလုယက်မှုတွေ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေကြပြီး ကျူးလွန်သူတွေကိုလည်း ဥပဒေအရ အရေးယူနိုင်တာ မရှိဘူးလို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မှာ ခိုးဆိုးလုယက်တွေနဲ့ လိမ်ညာမှုတွေက ပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေကြတယ်လို့ ကာယကံရှင်တွေနဲ့ သူတို့နဲ့ နီးသပ်သူတွေဆီကနေ သိရပါတယ်။ 

ရာဇဝတ်မှုကျူးလွန်သူတွေက နေ့စဉ် ကျူးလွန်နေကြပေမဲ့ ဥပဒေအရ အရေးနိုင်တာမျိုးမရှိကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသိတယောက်က ဖုန်းအလုခံရကြောင်းနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှု ခိုးမှုတွေအကြောင်းကို ရန်ကုန်မြို့နေပြည်သူက ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “အခုက ဘယ်လိုဖြစ်နေလဲဆိုရင် ၆ နာရီ၊ ၇ နာရီ အလုပ်က ပြန်လာရင်ပဲ လက်ထဲ ဖုန်းမကိုင်ထား ရဲဘူး ဖုန်းမပြောရဲဘူး၊ ဖုန်းလုတာတွေကြောင့်။ နေ့ခင်းကြောင်တောင်ကိုပဲ အိမ်ထဲဝင်ပြီး စက်ဘီးတွေကို ဝင်ခိုးတာတွေ၊ အိမ်ရှေ့ ကားရပ်ထားရင်ပဲ ကားမှန်၊ မီးလုံးဖြုတ်တာမျိုးတွေ ကြုံနေတာ။ ရတနာလမ်းပေါ်မှာ ၇ နာရီလောက်ကို အလုပ်ကပြန်လာတော့ ကားပေါ်က ဆင်းတော့ ဖုန်းလာတာ ဖုန်းထုတ်ပြီး ပြောမယ်ဆိုတော့ ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက်က ရပ်ပြီး ဓားထောက်ပြီး ဖုန်းပေးဆိုပြီး လုသွားတာ။ ဟိုတလောကဆိုလည်း ကျနော်အလုပ်သွားတဲ့ အိမ်ရှေ့မှာ ကားရပ်ထားတာ မနက် ၁၀ နာရီလောက်ပဲရှိတယ် ကားမီးလုံးကို လာဖြုတ်တာ၊ အိမ်ရှင်က မြင်တော့ လှမ်းအော်လိုက်မှ ထွက်ပြေးသွားတာ၊ တားဆီးတဲ့ သူတွေလည်း မရှိသလို တိုင်ကြားလည်း အဆင်မပြေတာတွေရှိနေတယ်လေ”လို့ ပြောပါတယ်။

ခိုးဆိုးလုယက်တွေအပြင်ကိုမှ လိမ်ညာအယောင်ဆောင်ကာ ခိုးယူနေမှုတွေလည်း ရှိနေပါတယ်။ ဘုန်းကြီးရဲ့ ဒါယိကာအသိအဖြစ် ဟန်ဆောင်ကာလိမ်ညာတာတွေ၊ ကံစမ်းမဲပေါက်တယ်လို့ ပြောဆိုလိမ်ညာတာတွေလည်း ရန်ကုန်မှာ ဖြစ်ပွားနေပါတယ်၊

အလိမ်ခံရသူနဲ့ နီးစပ်သူတယောက်က “အလိမ်ခံရတာကလေ လူတောင်မဟုတ်ဘူး အသိဘုန်းကြီးတပါး။ အဲဒီဘုန်းကြီးက ကျောင်းသေးသေးလေးမှာ တပါးတည်း ကျိမ်းတာပေါ့၊ ဘုန်းကြီးနာမည်ပြောပြီး ဝင်လာတာ အသိ  ဒါယိကာမက လွှတ်လိုက်လို့ပါဆိုပြီး ဝင်လာတာ။ လက်ကောက်တကွင်းပြတယ်၊ ပြပြီး ဒီလက်ကောက်လေး ခဏ အပ်ထားချင်လို့ပါ ပြပြီး ဘုန်းကြီးနဲ့ စကားတွေပြောနေပြီး သိပ်မကြာလိုက်ဘူး၊ ဘုန်းကြီးက ကျောင်းရှေ့ထိ လိုက်ပို့လိုက်သေးတယ်။ ပြီးတော့ ဘုန်းကြီးရဲ့ ဖုန်းပါသွားတယ်။ လက်ကောက်မှာ တို့ဆေးလို ဆေးတွေပါတယ်တဲ့။ အခုဆို မသွားရဲဘူး ကားသမားက ငှားတဲ့သူကိုကြောက်ရ၊ ငှားတဲ့သူက ကားသမားကြောက်ရပေါ့။ လိုင်းကားတွေ စီးတော့လည်း ခါးပိုက်နှိုက်မှာ ကြောက်ရ၊ မသိအောင်နှိုက်တဲ့ ခါးပိုက်နှိုက်တော့မပြောနဲ့ ပေါ်တင် လုယက်နေတာတောင် ဖြစ်နေတာ ပေါ်တင်ဆွဲလု အဲဒီလိုတွေဖြစ်နေတာ နည်းနည်းလေးလူရှင်းတာနဲ့ လုခံရတာပဲ”လို့ ပြောပါတယ်။
အခုလို ခိုးဆိုးလုယက်မှုတွေနဲ့ လိမ်ညာမှုတွေကိုလည်း ဥပဒေအရ အရေးယူလုပ်ဆောင်နေမျိုး မရှိကြောင်းလည်း သိရပါတယ်။ 

ဆူးလေတံတားပေါ် လူမြင်ကွင်းမှာပဲ ငွေလဲပေးမယ်ဆိုပြီး ငွေလိမ်လည်ယူမှု ဖြစ်လို့ တိုင်တန်းခဲ့ပေမဲ့ ရဲတွေက အရေးယူ ပေးတာမရှိတဲ့အပြင် နစ်နာသူကို အပြင်တင်စွပ်စွဲခဲ့ကြောင်း ကူညီပေးခဲ့သူတယောက်က ပြောပါတယ်။

“ကျောက်တံတားရဲစခန်းကရဲတွေက ဒီပိုက်ဆံတွေ လိမ်သွားလို့ တိုင်ပါတယ်ဆိုနေ ကောင်းကောင်းမွန်မွန် မဖြေရှင်းပေးတဲ့အပြင် (--) သုံးမကျဘူးဆိုပြီး စကားမျိုးနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောပြီးတော့ သူတို့မဖြေရှင်း ပေးနိုင်ဘူး။ နင်တို့ဘာလို့ လမ်းမှာတွေ့တဲ့ သူနဲ့ လုပ်တာလဲ၊ ငါတို့ ဘယ်လိုရှင်းပေးရမှာဆိုလဲဆိုပြီးတော့ ပြန်ပြောပြီးတော့ အော်ထုတ် လိုက်တယ်တဲ့။ အဲဒီတော့ ကောင်မလေးက ပြောတာက  ဒီလူတွေကို မှတ်မိတယ် ဒီနားမှာပဲ လုပ်နေတာ CCTV ကြည့်ပေးပါဆိုလည်း မကြည့်ပေးဘူး။ နင်တို့ဘာသာအသုံးမကျလို့ခံရတာ ခံလို့ ပြောပြီး ပြန်လွှတ်လိုက်တယ်တဲ့။”

ဇွန် ၉ ရက်တုန်းကလည်း ရန်ကုန်မြို့လယ် လမ်းမတော် ၇ လမ်းက တိုက်ခန်းတခုပေါ် ဝင်ရောက် လုယက်ခဲ့တာမှာ ငွေကျပ် ၇ သိန်းပါသွားသလို နစ်နာသူကိုလည်း ဓားနဲ့ ဝေ့ယမ်းရန်ရှာခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။

ရန်ကုန်မှာ ၂၀၂၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှုက ၃,၅၁၈ ခု ရှိခဲ့ပါတယ်။ စစ်ကောင်စီကောက်ယူထားတဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် တထောင်ကျော် ၁,၅၉၆ သာရှိပြီး ရန်ကုန်မြို့နေပြည်သူဟာ ၇ ဒသမ ၄ သန်းနီးပါးရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ယောက်နှုန်းက ပြည်သူ ၅,၀၀၀ လောက်ကို တာဝန်ယူထားရတာ ဖြစ်ပါတယ်။ 

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024