ထိုင်းနိုင်ငံနဲ့ နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်း ဝယ်ယူမှုကို ရုပ်သိမ်းလိုက်တဲ့အပြင် ကမ္ဘောဒီးယားနိုင်ငံထဲမှာ ထိုင်းရုပ်သံချနယ်လ်တွေ၊ ထိုင်းရုပ်ရှင် ဇာတ်လမ်းတွဲတွေ ပြသ/ကြည့်ရှုခွင့်ကိုလည်း ပိတ်ပင်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းလူမှုကွန်ရက်တွေမှာ ကမ္ဘောဒီးယားကို တိုက်ခိုက်မှုတွေရှိနေပြီး လျှပ်စစ်မီးဖြတ်ဖို့၊ အင်တာ နက်ဖြတ်ဖို့ အစိုးရကို တိုက်တွန်းနေကြတယ်။ ထိုင်းအစိုးရအနေနဲ့ ဆုံးဖြတ်ရခက်ခဲမှုမရှိအောင် သူတို့ဘက်ကပဲ စတင်ရုပ်သိမ်းလိုက်ပါတယ်။
ကမ္ဘောဒီးယားအနေနဲ့ မိမိပြည်တွင်းမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ လုံလောက်စွာရယူဖို့ နည်းလမ်းရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန် ၁၂ ရက်ညမှာ သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားပြီး ဇွန် ၁၂ ရက် သန်းခေါင်ကျော် ဇွန် ၁၃ ရက်မနက် အကူးကာလကစ ထိုင်းနိုင်ငံက မီးနဲ့ အင်တာနက်တွေ မသုံးကြဖို့ ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား သတ္တုနဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်း မသုံးတော့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းရုပ်သံလိုင်းတွေမှာ ထိုင်းရုပ်သံချနယ်လ်တွေ ပြသခြင်းမရှိတော့ဘဲ ထိုင်းသတင်းနဲ့ရုပ်သံ ဇာတ်လမ်းတွေ မကြည့်ဖို့ ညွှန်ကြားထားတယ်လို့ ကမ္ဘောဒီးယားပြည်သူတွေက ပြောပါတယ်။
ဒီနောက်ပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံသားတွေ ထိုင်းမှာ ဆေးသွားမကုဖို့ တားမြစ်မယ်၊ ထိုင်းရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေ အကုန်ပြန်ခေါ်မယ်၊ မိမိနိုင်ငံအချုပ်အခြာ အာဏာကာကွယ်ဖို့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်အင်အား နယ်စပ်ကို တိုးမြ့င့်ချထားမယ်၊ နယ်စပ်နေပြည်သူတွေ အတွင်းပိုင်း ဘေးလွတ်ရာရွှေ့ထားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံ ကျန်ထပူရီခရိုင်ရှိ ပုန်နမ့်ရွန့် နယ်စပ်ဂိတ်မှာလည်း ကမ္ဘောဒီးယားဘက်က ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ ကြိုတင်အကြောင်းမကြားဘဲ ပိတ်လိုက်တဲ့အတွက် နှစ်နိုင်ငံကြားဖြတ် သန်းသွားလာပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆာကယောက်ခရိုင် အန်ယာပထေ့မြို့နယ်ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်မှာတော့ ထိုင်းရောက် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ထောင်နဲ့ချီ နေရပ်ပြန်နေကြပါတယ်။
ကမ္ဘောဒီးယားဘက်က မီး နဲ့ အင်တာနက် ဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကတော့ “ထိုင်းဘက်က မီး နဲ့ ရေ ဖြတ်မယ်ဆိုတာကို တရားဝင်ထုတ်ပြောတာ မရှိပါဘူး၊ အခြေအနေဆိုးရွားလာရင် တဆင့်ပြီးတဆင့် ဆောင်ရွက်ဖို့ အလွတ်သဘော ဆွေးနွေးတာပဲရှိတယ်၊ အတည်မပြုသေးဘူး။ ကမ္ဘောဒီးယားဘက်က နားလည်မှု လွှဲမှားနေတာဖြစ်မယ်။ မနက်ဖြန် JBC နှစ်နိုင်ငံ နယ်စပ်ပူးတွဲကော်မတီအစည်းအဝေးမှာ ဒီကိစ္စကိုပါ တင်ပြဆွေးနွေးမယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source - Thai PBS / Amarin TV News