
စစ်ကောင်စီက ငသိုင်းချောင်း-ဂွ ကားလမ်းမပေါ်မှာရှိတဲ့ အမှတ် ၃၄၄ အမြှောက်တပ်ရင်းကို ကူတိုက်ဖို့အတွက် ဇွန် ၆ ရက်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို လက်နက်တွေ အရင်ပို့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတဆင် ပေးခိုင်းတာလို့ ထွေအုပ်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
“ပသစ ရယ်၊ ပလကဖ ရယ် ၂ ဖွဲ့လုံး သင်တန်းဆင်းတာ။ စစ်တပ်က ပသစ တွေကို လက်နက်တပ်ဆင်ပေးတာ၊ ပလကဖ တွေကိုတော့ လက်နက်မပေးဘူး။ ဘာလို့လဲဆိုတော့ ၃၄၄ က ကာကင်းစခန်းတွေ AA လာတိုက်တုန်းက ပလကဖ တွေက ပြန်မတိုက်ဘဲ လက်နက်ချပြီး ထွက်ပြေးကြတာ” လို့ ပြောပါတယ်။
ငသိုင်းချောင်းပြည်သူ့စစ်နဲ့ ပလကဖ အဖွဲ့တွေကို ဦးဆောင်သူမှာ ဗိုလ်မှုးရဲသူရထွန်းဖြစ်ပြီး မေ ၅ ရက်နေ့က စတင်ကာ စစ်ပညာသင်တန်းအမှတ်စဥ် ၁ /၂၀၂၅ ကို ဖွင့်လှစ်ခဲ့ပြီး လက်နက်တပ်ဆင်ဖို့အထိ ဦးဆောင်ခဲ့တာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။
“သင်တန်းပေးနေတာကြာပြီ၊ မနေ့ကမှ သင်တန်းဆင်းတာ။ အမတ ၃၄၄ က အခြေအနေမကောင်းတော့ ပြည်သူ့စစ်တွေကို စစ်ကူအဖြစ် ကာကင်းတွေမှာ သုံးဖို့စီစဥ်တာ။ AA ကို ပြန်တိုက်ဖို့ ထင်သလောက်မလွယ်ဘူး။”
လတ်တလောမှာ ဗိုလ်မှူးရဲသူရထွန်းက ငသိုင်းချောင်း နဲ့ ရေကြည်မြို့မှာရှိတဲ့ အုပ်ချုပ်အဖွဲ့ဝင်တွေကို ဇွန် ၁၂ ရက်ကစပြီး စစ်ပညာသင်တန်းအပတ်စဥ် ၂ ကို သင်တန်းပေးသွားမှာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။