
ပီရူးအာဏာပိုင်တွေဟာ သြဂုတ် ၆ ရက် က မူးယစ်ဆေးဝါး ၅ ဒသမ ၅ မက်ထရစ်တန်ကို တင်ပြခဲ့ပြီး ဒါဟာ ၃ ပတ်ကြာ မူးယစ်ဆေးဝါးတားဆီးရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးရရှိခဲ့တဲ့ စုစုပေါင်း ၁၃ တန်လောက် များပြားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုထဲက တစိတ်တပိုင်း ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
မေ ၁၅ ရက်မှ ဇွန် ၅ ရက်အတွင်း သိမ်းဆည်းရမိမှုတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု မြင့်မားတဲ့ ဒေသတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အဲဒီဒေသတွေမှာ လိုရီတို၊ တွန်းမ်ဘတ်စ်၊ ပွီရာ၊ မိုကေဂွာ၊ ကုစ်ကို၊ ပူနို နဲ့ လာ လစ်ဘာတဒ် ဒေသတွေအပြင် ဘရာဇီးနဲ့ အက်ကွေဒေါတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေလည်း ပါဝင်နေကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေမှာ အလေးချိန် ၅ တန်ခွဲလောက်ရှိတဲ့ ကိုကင်း ဟိုက်ဒရိုကလိုရိုက်၊ ကိုကင်းအနှစ်ခဲနဲ့ ဆေးခြောက်တွေ ပါဝင်နေပြီး လူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။
“ကုစ်ကိုမှာရှိနေတဲ့ မူးယစ်ဆေးဝါးတွေက ဘရာဇီးကို၊ လှေပေါ် ပါသူတွေက အက်ကွေဒေါ ကိုသွားကြပေမဲ့ သူတို့အားလုံးက အီကွေဒေါမှာရော ဘရာဇီးမှာရော မနေကြဘူး၊ အများစုကတော့ ဥရောပ ဒါမှမဟုတ် မက္ကဆီကို ကို သွားကြတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ရာခိုင်နှုန်း ပိုများတဲ့ မြောက်အမေရိကကို မက္ကဆီကိုကနေတဆင့် သွားကြတယ်”လို့ ပီရူး အမျိုးသားရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဒါရိုက်တာ ဗိုလ်ချုပ်ကြီး နီလ်တန် ဆန်တို့စ် က ပြောပါတယ်။
ပီရူးအမျိုးသားရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးညွှန်ကြားမှုဦးစီးဌာနဟာ ၂၀၂၅ ခုနှစ်မှာ မူးယစ်ဆေးဝါး ၁၃၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ ပါတယ်။
Source:Reuters