ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အလုံး ၅၀ ကျော်နဲ့ အရပ်သား ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက် က “သေဆုံးတာတော့ မကြားမိပါဘူး။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေတော့ ရှိတယ်။ စကစတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ။ အကြိမ် ၄၀ လောက်ရှိမယ်။ ကြိုတင်စစ်မရှောင်ခဲ့ရင်တော့ သေဆုံးသူများတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပိန္နဲကွင်း၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်း၊ ဝါးတောကွင်း စတဲ့ကျေးရွာတွေက ဒေသခံတွေနဲ့နေအိမ်တွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “လက်ရှိ လက်နက်ကြီးတွေ မကြာခဏပစ်တာ ကြားနေရတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်တော့ မပြောတတ်သေးဘူး။ ဝါးတောကွင်းဘက်မှာ စစ်တပ်က ခံစစ်ထပ်ပြင်ထားတာ တွေ့ရတယ်။ သေဆုံးတာ၊ ပျက်စီတာတွေ များတယ်။ ရွာလုံးကျွတ်ပဲ” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ အခုနှစ် ဧပြီ တတိယ အပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်ဘက်အထိ တပ်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။
အင်္ဂပူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချတာကြောင့် အရပ်သားတွေထိ ခိုက်တာအပြင် နေအိမ် အဆောက်အပျက်စီးတာ အခုထက်များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။