
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက်လမ်းပိုင်းပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ နေပြည်တော်စစ်ရုံးချုပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ က ပြောပါတယ်။
ညောင်ဦးမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်ကို ဖမ်းမိတဲ့ရက်ကတော့ ပြီးခဲ့တဲ့ ၁ ပတ်လောက်ကပါ။ သေချာစိစစ်စုံစမ်းမှုတွေ လုပ်နေတာမို့လို့ အခုမှပဲ သတင်းထုတ်ပြန်ပေးရတာပါဗျ” လို့ ပြောပါတယ်။
ညောင်ဦးမြို့နယ် ပကဖ က အရှင်ဖမ်းဆီးရမိခဲ့သူတွေဟာ ဗိုလ်ကြီးစိုးထွဋ်ကျော် နဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီး က “အဲဒီစစ်ဗိုလ် ၂ ယောက်က နေပြည်တော် စစ်ရုံးချုပ်ကပါ။ အိမ်စီးကားမောင်းပြီးတော့ အရပ်ဝတ်တွေနဲ့ နေပြည်တော်ကနေ ချောက်၊ ချောက်ကနေ ရေနံချောင်းဘက်ကိုလာတာမှာ ကျနော်တို့ ပူးပေါင်းရဲဘော်တွေက လမ်းပိုင်းစစ်ဆေးရေးတွေ ဆောင်ရွက်နေချိန်မှာ ဖမ်းမိခဲ့တာပါဗျ။ သူတို့မှာ လက်နက်တွေ ဘာတွေတော့ ပါမလာပါဘူး။ ပြည်သူအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်ထားကြသူတွေအနေနဲ့ ရာဇဝတ်ဘေးဆိုတာ ပြေးမလွတ်ပါဘူးဗျ။ ညောင်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာ ကျနော်တို့ ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဗိုလ်ကြီး ၂ ဦးကို လိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်ပြီး ညောင်ဦးခရိုင် ပကဖ ဆီကို စစ်သုံ့ပန်းဥပဒေနဲ့အညီ လွှဲပြောင်းထိန်းသိမ်းထားကာ ညောင်ဦးခရိုင် ပကဖ ကနေတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်ဆင့်ဆီကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။
ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် လမ်းပိုင်းလုံခြုံရေးတွေ စစ်ဆေးပြီး အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေ ဖမ်းဆီးမှုကိုတော့ ညောင်ဦးမြို့နယ် ပကဖ အနောက်ခြမ်းဇုန်နဲ့ ပုဂံဗိုလ်ချိုအဖွဲ့က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့လည်း ညောင်ဦးမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီး ၂ ဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။