
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို ဇွန် ၅ ရက်က တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဇွန် ၆ ရက်မှာတော့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးနေ ပြည်သူတွေဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ကြည့်ရှုခဲ့ကြပြီး လက်ဘနွန် ထိပ်တန်းအရာရှိတွေကတော့ မွတ်ဆလင် အစ်နေ့ပွဲတော်အကြိုနေ့မှာ လူပေါင်းထောင်ချီကို ဘေးလွတ်ရာ ထွက်ပြေးခိုင်းခဲ့ရပါတယ်။
အစ္စရေးစစ်တပ်ဟာ တိုက်ခိုက်မှုတွေ မစတင်ခင်မှာ လက်ဘနွန်မြို့တော်ရဲ့ တောင်ပိုင်း ဆင်ခြေဖုံး ဒါဟီယ နယ်မြေရှိ ရပ်ကွက် ၄ ခုမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြဖို့ ကြိုတင်ပြောကြားခဲ့ပြီး အဲဒီနေရာတွေမှာ အီရန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ မြေအောက် ဒရုန်းထုတ်လုပ်ရေး စက်ရုံတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
အစ္စရေးစစ်တပ်ကတော့ “အစ္စရေးနဲ့ လက်ဘနွန်ကြား သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ ဟစ်ဇ်ဘိုလာ လေကြောင်းတပ်ဖွဲ့ဟာ အီရန်ခေါင်းဆောင် တိုက်ခိုက်ရေးသမားတွေရဲ့ ညွှန်ကြားမှု၊ ငွေကြေးထောက်ပံ့မှုတို့နဲ့ UAV ဒရုန်းတွေကို ထောင်နဲ့ချီပြီး ထုတ်လုပ်နေတာကို အစ္စရေးစစ်တပ်(IDF)က ရှာဖွေတွေ့ရှိထားတယ်”လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာကနေ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အမြန်ထွက်ပြေးခဲ့ရပြီး ယာဉ်ကြောပိတ်ဆို့မှုတွေတောင် ဖြစ်ပွားခဲ့ပါတယ်။
ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ပြီးနောက် မိနစ် ၉၀ ခန့်အကြာမှာပဲ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဇွန် ၅ ရက် ညပိုင်းမှာတော့ ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
မြို့တော်မှာ ပေါက်ကွဲမှုတွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းသွားပြီး အစ္စရေးစစ်တပ်ကတော့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်နေတာလို့ ပြောထားပါတယ်။
Source: Reuters