
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီခန့် အောက်လှဲ ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြပြီး အရပ်သားတွေဆီကနေ လစဉ်ငွေနဲ့ ကင်းကြေးပါ အဓမ္မ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် အောက်လှဲဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးမင်းအောင်ဟာ ပြည်သူ့စစ်မှုထမ်းလူငယ်တွေအတွက် လစဉ်ထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ကာ တလကို ကျပ် ၄၂,၀၀၀ ကောက်ယူနေသလို သူအိမ်ဘေးမှာလာပြီး ကင်းစောင့်မပေးတဲ့ အရပ်သားတွေကိုလည်း တကြိမ်ကင်းမစောင့်ရင် ကျပ် ၁၀,၀၀၀ အထိ ငွေတောင်းနေတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီး တယောက်က “စိုးမင်းအောင်က အကြောင်းအမျိုးမျိုးပြငွေကောက်အရမ်း ကြမ်းသလို စကစ အားကိုးနဲ့ အရပ်သားတွေအပေါ်ဖိအားပေးလွန်းတယ်။ သူ့အိမ်ဘေး ကင်းမစောင့်ပေးရင်တောင် ဒဏ်ငွေဆိုပြီး ငွေ ၁၀,၀၀၀ တောင်းတာ” လို့ ပြောပါတယ်။
အောက်လှဲဆိပ်ကျေးရွာအုပ်စုမှာကျေးရွာခွဲ ၁၁ ရွာနဲ့ လူနေ အိမ်ခြေ ၅၀၀ ကျော်အထိရှိပြီး လစဉ်စစ်မှုထမ်း ထောက်ပံ့ကြေးနဲ့ ကင်းမစောင့်ပါက ကင်းကြေးငွေကို သက်ကြီးရွယ် အိုအိမ်တွေပါ မကျန် ကောက်ယူနေတာလို့ ဆိုပါတယ်။
ဒေသခံ ရပ်မိ ရပ်ဖ တယောက်က “ကင်းကြေး ကောက်တာကတော့ ၅ လလောက်ပဲရှိသေးတာ။ စစ်မှုထမ်း ထောက်ပံ့ကြေး ကောက်တာကတော့ကြာပြီ။ ငွေကြေးပြည့်စုံသူတွေအတွက် အဆင်ပြေကောင်း ပြေရင် ပြေပေမဲ့ မရှိတဲ့ တနေ့လုပ် တနေ့စားသမားတွေဆို အတော်ခက်ခဲတာ။ မိအို၊ ဖအိုတွေပဲရှိတဲ့အိမ်တွေ။ မုဆိုး မတွေ၊ မသန်စွမ်းအိမ်တွေပါမကျန် ငွေကောက်တာလို့ ပြောပါတယ်။
စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေးမှူး စိုးမင်းအောင်ဟာ စစ်မှုထမ်းနဲ့ ကင်းကြေး ကောက်ယူနေတာအပြင် စစ်မှုထမ်းစားရင်းမှာ မိသားစုတွေ၊ အသိမိတ်ဆွေတွေ၊ ငွေကြေး ပြည့်စုံတဲ့သူတွေကိုပါ စာရင်းဖျောက်ပေးနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးစိုးမင်အောင်က စစ်မှုထမ်းဖို့ မဲပေါက်သူတွေထွက်ပြေးရင် မိသားစုကို အရေးယူမယ် ဆိုပြီး စစ်ကောင်စီတပ်နဲ့ပေါင်းကာ ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခ ရောက်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။