
အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို သေနတ်နဲ့ပစ်ခတ်ရာမှာပါတယ်လို့ စွပ်စွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်နဲ့ ဆရာဝန် ၂ ယောက်အပါအဝင် ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇွန် ၅ ရက် ဒီနေ့ညမှာ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ ဖော်ပြလာပါတယ်။
မေ ၂၂ ရက်မနက်ပိုင်းက ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ အမျိုးသား ၂ ယောက်ရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး Golden Valley Warrior အဖွဲ့က သူတို့ လုပ်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ပစ်ခတ်ရာမှာသုံးတဲ့ စက်ဘီးကို သုံးဘီး ၁ စီးပေါ် တင်ဆောင်သွားတာကို သိရလို့ စုံစမ်းရာမှာ သုံးဘီးမောင်းသူ ကိုစန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်ကို မြောက်ဥက္ကလာပမြို့နယ်က သူ့ရဲ့ အိမ်မှာ စက်ဘီးနဲ့အတူဖမ်းမိပြီး ထောက်ပို့လုပ်ခဲ့တဲ့ ကိုဝင်းသူ(ခ)ကုလားလေး(၃၉)နှစ်ကိုလည်း မြောက်ဥက္ကလာပမြို့နယ်က သူ့အိမ်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
သူတို့ထွက်ဆိုချက်အရ လုပ်ကြံရာမှာပါပြီး တိမ်းရှောင်နေတဲ့ ကိုမျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော်(၂၈)နှစ်၊ သူရဲ့ဇနီးဖြစ်သူ မပြုံးပြုံး(၂၄)နှစ်၊ သမီးဖြစ်သူ မလင်းလက်ရွှေ (၆)နှစ်တို့ကို ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းမှာ၊ သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း ကိုအောင်ဆန်းဟိန်း(၂၅)နှစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသူ ကိုညီညီလှိုင်(၃၉)နှစ်တို့ကို မွန်ပြည်နယ်၊ မုဒုံမြို့မှာ ဖမ်းမိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လုပ်ကြံရာမှာပါတဲ့ ကိုချစ်ကိုကို (ခ)ကျော်ကြီး ရဲ့ မိသားစုဝင်တွေဟာ မြဝတီမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့လုပ်နေတာသိရလို့ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ မေ ၂၆ ရက်နေ့က ကိုချစ်ကိုကို (ခ)ကျော်ကြီး ရဲ့ ဇနီး မမြင့်မြင့်ထွေး(၃၉)နှစ်၊ ကိုအောင်ကိုကိုချစ်(၁၈)နှစ်၊ ကိုဇင်မောင်မောင်(ခ) အာနိုး(၂၇)နှစ်နဲ့ တိမ်းရှောင်ရာမှာ ကူညီတဲ့ ကိုဖြိုးဝေအောင်(ခ) အရှည်ကြီး(၄၀)နှစ်တို့ကို ပဲခူးမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဒီမတိုင်ခင်က အဖွဲ့ရဲ့ဆောင်ရွက်ချက်တွေမှာ Scout ကြည့်ရှုပေးခဲ့တယ်ဆိုပြီး ကိုမင်းစည်သူ(ခ)အငယ်လေး (၂၉)နှစ်နဲ့ ကိုကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်(၃၃)နှစ်၊ ကိုဟန်လင်းအောင် (၂၈)နှစ်တို့ကို ကြည့်မြင်တိုင်မြို့နယ်မှာ ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။
ကိုချစ်ကိုကို(ခ)ကျော်ကြီးနဲ့ ကိုထက်တို့ကတော့ လွတ်မြောက်နေသေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ချိုထွန်းအောင်ကို ပစ်ခတ်တုန်းက သေနတ်ကျည်ပေါက်ထွက်တာကြောင့် ကိုမျိုးကိုကိုရဲ့ ဘယ်ဘက်ခြေထောက်ဒဏ်ရပြီး သာကေတမြို့နယ် က လင်း အထူးကုဆေးရုံမှာ လျှို့ဝှက်ဆေးကုခဲ့တယ်လို့ စစ်ကောင်စီကဆိုပြီး မေ ၂၆ ရက်က DCS ဆရာဝန် ကိုဇော်ကိုကို(၃၈)နှစ်နဲ့ ဆေးရုံပိုင်ရှင် ဒေါက်တာ ရဲလင်းစိုး (၃၆)နှစ်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သေးတယ်လို့ ဆိုပါတယ်။
Golden Valley Warrior အဖွဲ့ကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ စီစဉ်ထောက်ပံ့ပေးမှုနဲ့ ဖွဲ့စည်းတာဖြစ်ပြီး လုပ်ကြံမှုတကြိမ်ကို ၂ သိန်းကျပ်ပေးတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။