ကရင်နီပြည်နယ်မှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ အခမ်းအနား စီစဉ်သူတွေဆီကနေ သိရပါတယ်။
ဇွန် ၅ ရက်နေ့ နေ့လယ် ၁၁ နာရီမှာ အခမ်းအနား ကျင်းပခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၆၈ ယောက်တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို ကရင်နီပြည်နယ် တနေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဦးစီးကျင်းပပြီး CDM ဌာနမှူး ဒုစစ်ရေးချုပ် ဆရာမင်းသား၊ ရှမ်းတောင်စစ်ဗျူဟာ CDM ဌာနတာဝန်ခံနဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံ စီမံအုပ်ချုပ်ရေးကော်မတီ ညွှန်ကြားရေးမှူး ဦးနေမျိုးဇင်တို့ တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဘက်ပြောင်းလာတဲ့ ပြည်သူ့စစ်တွေကို တွေ့ဆုံနှုတ်ဆက်ပြီး သူတို့အတွက် စုဖွဲ့နေရာချထားမှု၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမှု၊ တော်လှန်ရေးကာလအလွန် အိမ်ပြန်ရေးအစီအမံတွေ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ချင်သူတွေကို စစ်သင်တန်းပေးမယ့် အစီအစဉ်တွေကို စိတ်ဓာတ်မြှင့်တင်ရေး မျှဝေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံက ဦးနေမျိုးဇင်က “ဒီနေ့ တွေ့ခဲ့တာက အသက် ၂၀၊ ၂၅ ဝန်းကျင် လူငယ်၊ ပစ(ပြည့်သူ့စစ်) တွေပါဘဲ၊ KNDF ကတော့ ပြင်ဆင်ပြီးတော့ စစ်သင်တန်းတွေပေးတာတွေ ရှိတယ်၊ သူတို့ စိတ်ဆန္ဒနဲ့ သူတို့ တာဝန်ထမ်းဆောင်ချင်တဲ့ သူတွေကိုတော့ လက်နက်ကြီးဌာနတို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးတွဲ တာဝန်ထမ်းဆောင်ကြတာတွေ ရှိတယ်၊ တချို့တွေကျတော့ ထိုင်းဘက်ကို သွားအလုပ်လုပ်ချင်တယ်ဆိုရင် ချိတ်ဆက်ပေးပြီး ပို့ပေးတာတွေရှိတယ်၊ တချို့ကတော့ သင်တန်းနည်းပြတွေ ဆေးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်နေကြတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ထံကနေ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားတွေကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်မယ့် တပ်တခု တည်ထောင်ဖို့ စီစဉ်သွားမယ်လို့လည်း ဦးနေမျိုးဇင်က ပြောပါတယ်။