ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အမျိုးသားအဆင့် မြိုလူမျိုးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၄ ရက်က ပြုလုပ်ခဲ့ပြီး မြိုအမျိုးသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အာရက္ခတပ်တော်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အမျိုးသားကာကွယ်ရေး ပြဋ္ဌာန်းချက်တွေအပေါ် ဆွေးနွေခဲ့ကြပြီး ရခိုင်ပြည်အတွင်း အခွင့်အလမ်းကောင်းတွေ ရရှိရေး၊ လူမျိုးစု ခွဲခြားမှုမရှိဘဲ အထူးအလေးထား ဆက်ဆံကြဖို့တို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် မြိုအမျိုးသားတွေအနေနဲ့ အမျိုးသားကာကွယ်ရေး ပြဋ္ဌာန်းချက်အပေါ် ကိုယ်သဘောနဲ့ ပါဝင်ကြတာဖြစ်ပြီး ရခိုင်ပြည်ရဲ့ သမိုင်းသက်တမ်းနဲ့ ဒေသတွင်း လုံခြုံရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနဲ့ တိုင်းပြည်သစ္စာစောင့်သိပြီး အေးချမ်းသာယာတဲ့ လူ့ဘောင်သစ်တရပ် တည်ဆောက်ရေးမှာ ပါဝင်ထမ်းဆောင်ကြဖို့ကိုလည်း တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က မြို့အမျိုးသားရေး ခေါင်းဆောင် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အားလုံးပါဝင်ရေး အုပ်ချုပ်ရေး ယန္တရား လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင်တွေကိုပါ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။