Home
နိုင်ငံတကာ
ဘန်ကောက် ဆောက်လက်စတိုက်ပြိုကျမှုကိစ္စ အစိုးရဝန်ထမ်း ၇၀ ဦး စုံစမ်းစစ်ဆေးခံနေရ 
DVB
·
June 5, 2025
Photo :THE STANDARD

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လက်စ အထပ် ၃၀ ရှိ စာရင်းစစ်ချုပ်ရုံးကြီး ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်နဲ့အတူ ပြိုကျသွားကာ  လူပေါင်း ၁၀၀ လောက် သေဆုံးသွားရတာနဲ့ ပတ်သက်လို့ အစိုးရဝန်ထမ်း ၇၀  ယောက် စုံစမ်းစစ်ဆေးခံနေရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဝန်ထမ်းတွေဟာ  အဆောက်အအုံ တည်ဆောက်ရာမှာ လေလံအောင်တဲ့အဖွဲ့ ၊ စာရင်းစစ်ရုံးတည်ဆောက်ဖို့ရန်ပုံငွေ  တင်ပြတောင်းဆိုတဲ့အဖွဲ့ ၊ ဒီဇိုင်းပုံစံအပ်နှံတဲ့အဖွဲ့ ၊ ဆောက်လုပ် ရေးအဖွဲ့ နဲ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်တွေ ပါဝင်တယ်လို့   DSI အထူးမှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူရဝစ် လန်းဆိုင်က ဇွန် ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲဒီထဲမှာ နိုင်ငံတော်ငွေစာရင်းစစ်ချုပ်ရုံး ဥက္ကဋ္ဌ၊  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း၊ ကော်မတီသစ်၊ ဥပဒေပိုင်းဆိုင်ရာပြဿနာအဖြေရှာရေးအဖွဲ့၊ စီမံခန့်ခွဲရေးဌာန၊ ဆောက်လုပ်ရေးပစ္စည်း ရွေးချယ်ဝယ်ယူရေးအဖွဲ့က ပုဂ္ဂိုလ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။  

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ဖို့  လေလံဆွဲမယ့် ကန်ထရိုက်တာ ၁၉ ယောက်ရှိခဲ့ပေမဲ့ မိမိအတွက်အကျိုးအမြတ်ရှိစေတဲ့ WAG ကုမ္ပဏီကိုသာ ရွေးချယ်ခဲ့တဲ့ အထောက် အထား၊ အလုပ်သမားတွေကိုလည်း  အချိတ်အဆက်ရှိတဲ့ PKW ကုမ္ပဏီကိုသာ ငှါးရမ်းတဲ့ အထောက်အထား၊   အဆောက်အအုံ ဒီဇိုင်းပုံစံရေးဆွဲရာမှာ လုပ်ငန်းနဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့  တခြားအင်ဂျင်နီယာတွေရဲ့ အမည်နဲ့ လက်မှတ်ကို ပိုင်ရှင်မသိအောင်အသုံးပြုခဲ့တာ၊ အရည်အချင်း မရှိတဲ့ အင်ဂျင်နီယာတွေ ငှါးရမ်းထားတဲ့ အထောက်အထားတွေ တွေ့ရှိတယ်လို့   ဆိုပါတယ်။ 

အဲဒီအထောက်အထားတွေစုစည်းပြီး ရှေ့အပတ်ထဲမှာ ထိုင်းအမျိုးသားအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မတီထံ တင်ပြသွားမယ်လို့  ဗိုလ်မှူးကြီး ဆူရဝစ်က ပြောပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းကိုဗဟိုပြုပြီး အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာမှာ ထိုင်းနိုင်ငံဘက်ကိုပါ တုန်ခါမှုတွေ သက်ရောက်ပြီး ဘန်ကောက် ကျဒူးကျတ်နယ်မြေက ဆောက်လက်စ အထပ် ၃၀ ရှိ နိုင်ငံတော်ငွေစာရင်းစစ်ချုပ်ရုံးပြိုကျသွားခဲ့ပါတယ်။

အဆိုပါ တိုက်ပြိုမှုမှာ လူပေါင်း ၁၀၀ ကျော် သေဆုံး/ပျောက်ဆုံးခဲ့ပြီး  ပျက်စီးအဆောက်အအုံ ရှင်းလင်းရေးလုပ်ငန်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက တလခွဲကျော် ဆောင်ရွက်ခဲ့ရပါတယ်။ ငလျင်လှုပ်စဉ်က အဆိုပါနယ်မြေအနီးမှာ တခြားအထပ်မြင့်တိုက်တာတွေလည်းရှိပေမဲ့ အဆိုပါ အထက်မြင့်တိုက်တလုံးသာ ပြိုကျခဲ့တာကြောင့် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  

Source:  The Standard / Thai PBS 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024