ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တပ်မဟာ ၆ နယ်မြေရှိ သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇွန် ၅ ရက်က သေ့ဘောဘိုး မြစ်ကမ်းတလျှောက်မှာ ဒေသခံတွေက ပန်းကုံးတွေစွပ်ပြီး ဂုဏ်ပြုကြိုခဲ့ကြပါတယ်။
ဂုဏ်ပြုကြိုဆိုခဲ့တဲ့ အမျိုးသမီးတယောက်က “ကမ်းနားမှာပဲ ဂုဏ်ပြုကြိုဆိုခဲ့ကြတာပါ။ အရမ်းကို ခမ်းခမ်းနားနား ဂုဏ်ပြုပွဲလုပ်ချင်ပေမဲ့ လုံခြုံရေးအရ ခုလိုပဲ စီစဥ်လုပ်ဆောင်ခဲ့ကြရတာ”လို့ ပြောပါတယ်။
သေ့ဘောဘိုးစခန်းကို ဇွန် ၃ ရက် ညမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် လက်နက်ချ အလံဖြူထောင်ခဲ့ကာ လက်နက်ကြီး လက်နက်ငယ် အများအပြားလည်း ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ ဘက်မှာ စစ်ကောင်စီတပ်စခန်း မရှိတော့ဘဲ ကျန်ရှိနေတဲ့ တပ်မဟာ ၇ က ၉၆၂ စခန်း၊ အံ့ကျော်စခန်း၊ ကြယ်ပျံကုန်းစခန်းနဲ့ တပ်မဟာ ၆ မြဝတီမြို့တောင်ဘက်က ဥကရစ်ထစခန်း၊ ထီးသဲလယ်စခန်းနဲ့ ထီးကပယ်စခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့ ဆက်လက်သိမ်းပိုက်သွားမယ်လို့ သိရပါတယ်။