
စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ၂၀၂၅ ခုနှစ် ဇွန် ၂ ရကနေ ၈ ရက်နေ့အထိအတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေး ၁ ပိဿာကို ကျပ် ၆,၃၁၀ သတ်မှတ်ကြေညာခဲ့ပါတယ်။
အဲဒီဈေးနှုန်းက ယခင်သီတင်းပတ်ဈေးနှုန်း ၆,၅၂၅ ထက် ၂၁၅ ကျပ် ခန့် ထပ်မံကျဆင်းလာတာ ဖြစ်ပါတယ်။ ကော်မတီရဲ့ စားအုန်းဆီ ရည်ညွှန်းဈေးဟာ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စလို့ ဆက်တိုက်ကျဆင်းလာပြီး ၅ လအတွင်း ကျဆင်းမှုက ၉၇၀ ကျပ်ထိ ရှိခဲ့ပါတယ်။
အခုလို ဈေးနှုန်းကျဆင်းလာရတဲ့ အကြောင်းအရင်းက အဓိကဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေရဲ့ စားအုန်းဆီဈေး ဆက်တိုက် ကျဆင်းလာမှုကြောင့် ဖြစ်တယ်လို့ ကော်မတီရဲ့ ပြောကြားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ဝယ်ယူခွင့်စာအုပ်နဲ့ ရပ်ကွက် ကျေးရွာအလိုက် အိမ်ထောင်စု စာရင်းရှိသူတွေကိုသာ သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေတာပါ။
ပြင်ပဈေးကွက်မှာတော့ လက်လီဈေးက ၁ ပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင် မှာရှိနေပြီး ရည်ညွှန်းဈေးနဲ့ နှစ်ဆနီးပါး ကွာခြားနေဆဲဖြစ်တယ်လို့ စားသုံးသူတွေက ဆိုပါတယ်။
စားသုံးသူရေးရာဦးစီးဌာနကတော့ စားအုန်းဆီကို သယ်ယူပို့ဆောင်စရိတ်နဲ့ ၂ ရာခိုင်နှုန်း အမြတ်သာ ဖြည့်ပြီး ရောင်းချဖို့အပြင် မသမာတဲ့ လုပ်ဆောင်မှုတွေ၊ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်မှုတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ တနှစ်စာ စားသုံးဆီ လိုအပ်ချက်က တန်ချိန် ၁ သန်းနီးပါးရှိပြီး စစ်ကောင်စီလက်ထက်မှာ စားဆီတင်သွင်းမှုအပေါ် ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။