
စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲ မဲစာရင်းကောက်ယူဖို့အတွက်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းတွေကို စတင် စာရင်းကောက်ယူနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ မဲစာရင်းကောက်ယူရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်ရန်အတွက်ဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေရဲ့ အမည်တွေကို စာသင်ကျောင်း ၁ ကျောင်း ၂ ယောက်နှုန်းနဲ့ ဇွန် ၂ ရက်က စတင်စာရင်း ကောက်ယူနေတာလို့ ဆိုပါတယ်။
ပုသိမ်က ပညာရေး ဝန်ထမ်းတယောက်က “ရွေးကောက်ပွဲအတွက် လာမယ့်နှစ်ဆန်းမှာ ရွေးကောက်ပွဲ လုပ်တော့မှာမို့ဆိုပြီး စာရင်းယူနေတာ။ အထက်က ညွှန်ကြားလာတာကြောင့် ပြောပြီး စာရင်းယူတာ။ တတိုင်းလုံး အတိုင်းအတာနဲ့ ထွေအုပ်က စာရေးတွေနဲ့ အုပ်ကြီးတွေကို စာရင်းကောက်ယူပေးရတာ”လို့ ပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူဖို့ အတွက် အထက်တန်းပြ၊ အလယ်တန်းပြနဲ့ မူလတန်းပြ ပညာရေးဝန်ထမ်းတွေကို စာရင်းယူရာမှာ စစ်တပ် ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးပါတီဝင် ပညာရေးဝန်ထမ်းတွေကို အဓိကထား စာရင်းကောက်နေတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ''အခု စာရင်းယူထားတဲ့ ဆရာ၊ ဆရာမတွေက သင်တန်း တက်ရမယ်လို့ ပြောတယ်။ ဘယ်တော့တက်ရမယ်၊ ဘယ် လောက်ကြာမယ်ဆိုတာတော့ မသိဘူး။အခုရွေးနေတာ လည်း သူ့တို့ယုံကြည်သူ အဓိကထားရွေးစာရင်းယူတာပါ''လို့ ပြောပါတယ်။
ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းထဲက မြို့နယ် အားလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။