ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု၊ နားလိုင်ရွာဘက်မှာ ဇွန် ၁ ရက် နေ့မွန်းလွဲပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကိုးကန့်တပ် (MNDAA) တို့အကြား တိုက်ပွဲဖြစ်ပွားပြီး MNDAA တပ်သား ၈ ယောက် ကျဆုံးကြောင်း SSPP ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
နားလိုင်ရွာ အနောက်ဘက် အထွက်ဘက် SSPP စစ်ကြောင်း ထွက်နေချိန် ဇွန် ၁ ရက် မွန်းလွဲပိုင်း ၁ နာရီနဲ့ ၂ နာရီခွဲဝန်းကျင်လောက်မှာ MNDAA တပ်မ အမှတ် ၆၁၁ လက်အောက်ခံ တပ်ဖွဲ့တွေ ချုံခို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP ဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ယောက် ကျဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိပြီး တိုက်ပွဲဖြစ်နေချိန် နားလိုင်၊ ဟန်နား၊ ဟိန်းလွမ့်၊ ကောင်းကော် စတဲ့ရွာတွေထဲက ဒေသခံပြည်သူတွေ တိုက်ပွဲ လွတ်ရာဘက် ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရကြောင်းလည်း ဖော်ပြထားပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဒေသခံ အမျိုးသားတယောက်က “လားရှိုးကနေ သီပေါသွားတဲ့လမ်း စဉ့်အင်နားက ဟန်နားရွာ နားဘက်မှာ တိုက်ပွဲဖြစ်တာ။ ဘာကြောင့် ဖြစ်တာလဲတော့ မသိဘူး။ ဇွန်လ ၁ ရက်နေ့ ခု ညနေ ချနေကြတာ" လို့ ပြောပါတယ်။
အခုနှစ်ထဲ SSPP နဲ့ MNDAA တက်ဖွဲ့တို့အကြား မကြာခဏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတတ်ပြီး နယ်မြေအငြင်းပွားမှုနဲ့ သယံဇာတ ကိစ္စတွေကြောင့် ဖြစ်နိုင်ကြောင်း လားရှိုးဒေသခံလူငယ် တယောက်က ပြောပါတယ်။
ညနေ ၄ နာရီခန့်က ဟန်နားရွာဘက်ကို MNDAA ဘက်က ထပ်ပြီးထိုးစစ်ဆင်ခဲ့လို့ တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာကနေ MNDAA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲငြိမ်နေပေမဲ့ နှစ်ဖက်တပ်က အင်အားထပ်ဖြည့်နေလို့ စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
ဟန်နား ကျေးရွာအုပ်စုမှာ MNDAA ဘက်က အင်အား ၁၀၀ ဝန်းကျင်ခန့် လှုပ်ရှားနေပြီး SSPP တပ်ဖွဲ့ ဘက်ကလည်း တပ်ရင်း ၂ ရင်းခန့် လှုပ်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။
ဧပြီ ၂၉ ရက်ကလည်း သီပေါမြို့နယ်၊ နမ္မကျောက်မီးသွေး သတ္တုတွင်းဘက်က SSPP တပ်စခန်းကို ဖယ်ရှားဖို့ MNDAA ၀င်ရောက် ပြောဆိုရာက ညှိနှိုင်းမှုအဆင်မပြေဘဲ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ဘက်ကတော့ အခု ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။