
ရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမှာ လိုင်စင်မဲ့ကားတွေကို မေ ၃၀ ရက်နေ့ကနေ အခုလက်ရှိအထိ ဖမ်းဆီးနေတာ အစီးရေ ၁၀၀ ကျော်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
လိုင်စင်မဲ့ကားတွေကို ထိုင်း နယ်စပ်နဲ့ အောက်လမ်းတွေကနေတဆင့် စစ်တပ်ဂိတ်စခန်းတွေကို ငွေပေးပြီး မြို့ထဲသယ်လာပြီးမှ မြို့ခံတွေစီးတဲ့အချိန် ဖမ်းဆီးတာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “သူတို့ ငွေရှာချင်လို့ လုပ်နေကြတာဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ အခုလို ကျောင်းဖွင့်ခါနီး မိုးတွေရွာတဲ့ကာလမှာ Without (လိုင်စင်မဲ့)တွေ ဖမ်းတာဆိုတော့ ကလေးမိဘတွေ ပိုဒုက္ခရောက်တာပေါ့။ ကိုယ့်ကလေးကို မိုးလုံလေလုံနဲ့ ကျောင်းပို့ချင်တယ်။ လိုင်စင်ကားကျလည်း မဝယ်နိုင်၊ တတ်နိုင်တာလေးနဲ့ အဆင်ပြေအောင် မိဘတွေက ကြိုးစားကြရတာလေ။ ဒါကို မအလ၊ ဘောမတွေက ကိုယ်ချင်းစာစိတ်မှမထားတာ။ တကယ်အမှန်တကယ် ဥပဒေကို တိတိကျကျလုပ်မယ်ဆို ဒီကားတွေ ဒီမြို့ကို ရောက်စရာကို မရှိဘူး” လို့ ပြောပါတယ်။
မော်တော်ပီကယ်၊ ရဲနဲ့ အဖွဲ့အစုံ အယောက် ၂၀ ကျော်က တောင်ကြီးက လူစည်ကားရာ နေရာတွေမှာ ကားတွေတားစစ်ပြီး သိမ်းဆည်းသွားတာ ၃ ရက်အတွင်း အစီးရေ ၁၀၀ ကျော်တယ်လို့ သိရပါတယ်။
လိုင်စင်မဲ့ကားတွေကို ပြည်သူတွေဆီကသာ ဖမ်းဆီးပြီး ပြန်ရွေးတာတွေ မရပေမဲ့ ဌာနဆိုင်ရာက လူတွေ လိုင်စင်မဲ့ကားတွေ စီးနေကြတာတွေလည်း ရှိနေတဲ့အပြင် ဖမ်းဆီးထားတဲ့ ကားတွေကို ဘယ်လို ဆက်လုပ်မယ်ဆိုတာ မသိရတာကြောင့် ဥပဒေကို လက်တလုံးခြားလုပ်တယ်လို့ ဒေသခံတွေကြား ဝေဖန်နေကြပါတယ်။
မေ ၂၀ ရက်က စစ်ခေါင်းဆောင်တွေ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေက လုံခြုံရေးနဲ့ အခွန်ငွေကို ထိခိုက်လို့ အရေးယူဖို့လိုအပ်တယ်လို့ ပြောဆိုပြီးနောက် ဖမ်းဆီးခံရတာတွေ ဆက်တိုက်ရှိနေပါတယ်။