ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ မေ ၃၁ ရက် ဒီမနက်က ရထားလမ်းပေါ်ဖြတ်ကူးတဲ့ကားပေါ်ကနေ ခုန်ချတဲ့ မြန်မာအမျိုးသမီးငယ်တယောက် ရထားကြိတ်မိသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီမှာ မိန်းကလေးငယ်တယောက်ဟာ ဟန်ချက်ပျက်ပြီး ရထားလမ်းပေါ်လဲကျသွားတာကြောင့် ရထားနဲ့တိုက်မိလို့ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
Narongmit လမ်းသွယ် ၁ နဲ့ Derm Bang လမ်းဆုံမှာ လူသေဆုံးတဲ့သတင်းရလို့ ရဲအရာရှိ၊ ဆေးရုံတာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေ သွားရောက်စစ်ဆေးခဲ့ကြရာမှာ ဘန်ကောက်-မဟာချိုင် ပြေးဆွဲတဲ့ ခရီးသည်တင်ရထားဘေးမှာ ဦးခေါင်းကြေမွနေတဲ့ အမျိုးသမီး အလောင်းတလောင်းတွေ့ရပြီး လက်နဲ့ ခြေထောက်တွေလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီအမျိုးသမီးဟာ အသက် ၂၈ နှစ်အရွယ် မဖြူဖြူ ဖြစ်တာကို စစ်ဆေးတွေ့ရှိပြီးနောက် အလောင်းကို စမွတ်ဆာခွန်ဆေးရုံကြီးဆီပို့ဆောင်ပြီး ဆက်လက်စစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။
လူမှုကွန်ရက်မှာတွေ့ရတဲ့ ရထားတိုက်မိတဲ့ ဗွီဒီယိုမှတ်တမ်းမှာတော့ အဲဒီရထားလမ်းကူးမှာ အတားအဆီးမရှိဘဲ ကားကကွေ့ပြီးဖြတ်ကူးချိန် နောက်ခန်းမှာပါလာသူတွေ ခုန်ချခဲ့ကြပြီး တယောက်ကတော့ ရထားလမ်းပေါ်မှာ လဲကျကျန်နေခဲ့တာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်ထဲမှာ အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက် ရထားကြိတ်ခံရလို့ သေဆုံးခဲ့ပြီး သူကတော့ ရထားလာနေတုန်း ရုတ်တရုတ် ရထားလမ်းပေါ်မှာ တမင်လာရပ်ခဲ့တာဖြစ်ပါတယ်။
Photo : Daily News