
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိလို့ အဝါရောင်အဆင့် သတ်မှတ်တဲ့အကြောင်း မိုးဇလဌာနက မတ် ၂၉ ရက် နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ဒီမနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ) ကို ရောက်ရှိခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်းရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်၊ ဒီဂါမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၇၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ရဲ့ အနောက်-အနောက်တောင် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၈၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့် ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ ကုန်းတွင်းကို ဝင်ရောက်ပြီးတဲ့အခါ ဆက်လက်ရွေ့လျားမယ့် လမ်းကြောင်းအရ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဦးတည်ရွေ့လျားနိုင်မှာ ဖြစ်တဲ့အတွက် ချင်းတွင်းမြစ်ဖျားပိုင်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းတွေမှာ မိုးများရာမှ မိုးအလွန်များမယ်၊ မိုးရေချိန် ၁၀ လက်မကျော်အထိ ရွာနိုင်ပြီး မြစ်ဖျားပိုင်းကတဆင့် အောက်ဘက်မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါတယ်။
လာမယ့် ၂၄ နာရီအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်းများနဲ့ ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ မိုးသက်လေပြင်းများ တိုက်ခတ်၊ လှိုင်းကြီး ဖြစ်ပေါ်နိုင်လို့ ကမ်းနီးကမ်းဝေး ရေလုပ်သားတွေ ငါးဖမ်းထွက်တာ ခေတ္တရပ်နားဖို့လည်း တိုက်တွန်းပါတယ်။
မိုးကြီးတာနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ မြစ်ရေကြီးခြင်း၊ ရုတ်ခြည်း ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ သစ်ပင်တွေ လဲကျခြင်း၊ သစ်ကိုင်းနဲ့ ဓာတ်မီးတိုင်တွေကျိုးခြင်း စတဲ့ အန္တရာယ်တွေကို သတိပြု နေထိုင်နိုင်ကြဖို့ အကြံပြုထားပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် မေ ၂၇ ရက်နဲ့ ၂၈ ရက်က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေ တော်များများမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့လို့ သစ်ပင်တွေ လဲကျပြီး လူနေအိမ်တချို့ ပျက်စီးခဲ့ကာ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။