Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်၊ ကမ္ဘောဒီးယားစစ်သည် ၁ ဦး ကျဆုံး
DVB
·
May 29, 2025
Photo :NationTV22

 

ထိုင်းအရှေ့မြောက်ပိုင်း၊ ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ နမ့်ယင်းမြို့နယ်ထဲမှာ မေ ၂၈ ရက် မနက်အစောပိုင်းက ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သည်တယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မေ ၂၈ ရက် မနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဒီးယားစစ်တပ်ဘက်က ပုံမှန်ကင်းလှည့်နေချိန် ထိုင်းစစ်တပ်က ပစ်ခတ်တာကြောင့် ကမ္ဘောဒီးယားဘက်က အသက် ၄၈ နှစ်ရှိ တပ်ကြပ်ကြီး ဆွန်လွန် ကျဆုံးသွားကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်းဆုဝါးရီးကတော့ “နှစ်နိုင်ငံ နယ်စပ်မျဉ်း အငြင်းပွားနေတဲ့  ချောင့်ဘုတ်ဒေသထဲမှာ ကမ္ဘောဒီးယားဘက်က ၆၅၀ မီတာရှည်လျားတဲ့ ကတုတ်ကျင်းတွေ တူးထားတာကို တွေ့ရတယ်။ ဒီကိစ္စကို ထိုင်းစစ်တပ် စူရတ်နားရီးစစ်ကြောင်း တာဝန်ရှိသူက ကမ္ဘောဒီးယာတပ်နဲ့ ညှိနှိုင်းဖို့ သွားရောက်ရာမှာ တဖက်က အထင်လွဲပြီး စတင်ပစ်ခတ်တာကြောင့် ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ အဲဒီနောက် ကမ္ဘောဒီးယားစစ်တပ်ဘက်က စူရတ်နားရီး စစ်ကြောင်းမှူးကို ဖုန်းနဲ့ဆက်သွယ်ပြီး ပစ်ခတ်မှုတွေရပ်ဆိုင်းဖို့ ပြောခဲ့တာကြောင့် ရပ်လိုက်တယ်။ ထိုင်းဘက်က ထိမှန်ဒဏ်ရာရသူ မရှိဘူး။ လောလောဆယ် နှစ်ဖက် တွေ့ဆုံညှိနှိုင်းဖို့ ကြိုစားနေတယ်” လို့ ပြောပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်း ကတော့ “ပစ်ခတ်မှုဟာ မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာပါ။ နှစ်ဖက်စစ်သည်တွေက သူတို့ပိုင်နက် ဆိုတဲ့ နယ်မြေထဲမှာ ကင်းလှည့်ကြတယ်။ မနက် မှောင်နေတဲ့အချိန်ဆိုတော့ မမျှော်လင့်ဘဲ ထိတွေ့မှုဖြစ်ခဲ့တယ်။ အဲဒီနောက် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖုန်းဆက်လာတယ်၊ ပစ်ခတ်မှုရပ်တံ့ဖို့ ညှိနှိုင်းပြီးပြီ။ ဒါပေမဲ့ စစ်သည်တွေတော့ အဲဒီနေရာက မဆုတ်ခွာကြသေးဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေရာဟာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံနယ်စပ်မှာတည်ရှိပြီး အခင်းဖြစ်ပွားရာ ချောင့်ဘုတ်နယ်မြေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား အငြင်းပွားမှုဖြစ်နေတဲ့နေရာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတော့ အဲဒီနေရာမှာ ခွင့်ပြုချက်မရဘဲ ဘယ်ဘက်ကမှ တပ်စခန်းဆောက်တာ၊ ကတုတ်ကျင်းတူးတာ၊ စစ်တပ်အင်အား ဖြည့်တင်းတာတွေ မပြုလုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နှစ်ပေါင်း ၂၀ ကျော် နယ်မြေတည်ငြိမ်ခဲ့ပြီး အခုလို ပစ်ခတ်သံတွေ ပြန်ကြားတာကြောင့် နယ်စပ်နေ ပြည်သူတွေကြား စိုးရိမ်နေတယ်၊ ကမ္ဘောဒီးယားစစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ တင်ဆောင်ထားတဲ့ စစ်ကားအစီး ၅၀ လောက် နယ်စပ်ကို ရောက်လာတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဟွန်ဆန်က ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ တပ်ကြပ်ကြီးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ ဆယ်စုနှစ်ကြာ တည်ငြိမ်းအေးချမ်းခဲ့တဲ့ ဒီဒေသမှာ ဒီလိုပစ်ခတ်တာဟာ မဖြစ်သင့်ဘူး၊ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရှေးဟောင်းဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ နယ်မြေ ကျူးကျော်မှုလို ပြန်ဖြစ်နေတယ်၊ ပစ်ခတ်ခဲ့သူနဲ့ အဖွဲ့အစည်းကို ရှုတ်ချတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သူ့အနေနဲ့ စစ်ဖြစ်တာ မတွေ့ချင်ဘူး၊ ပြဿနာကို လက်နက်နဲ့ မဖြေရှင်းချင်ဘူး၊ ဒါပေမဲ့ မိမိအချုပ်အခြာအာဏာကို ကာကွယ်တဲ့ ကမ္ဘောဒီးယားစစ်တပ်ရဲ့ ဆောင်ရွက်ချက်ကိုတော့ သဘောတူကြောင်း ရေးသားထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ နယ်မြေချင်း ထိကပ်လျက်ရှိသလို တူညီတဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေလည်း ရှိပြီး နယ်မြေနဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေလည်း သူ့အပိုင် ကိုယ့်အပိုင် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

Source: CH7 HD News / Nation TV

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024