
ဂျာမနီနဲ့ ယူကရိန်းတို့ဟာ တာဝေးပစ်ဒုံးကျည်တွေကို အကွာအဝေး ကန့်သတ်ချက်မရှိဘဲ ပူးတွဲထုတ်လုပ်သွားမယ်လို့ ဂျာမနီအဓိပတိ ဖရက်ဒရစ်ချ် မားဇ်က ပြောပါတယ်။
မေ ၂၈ ရက်မှာ ဘာလင်မြို့တော်ဆီ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ခရီးစဉ်အတွင်း ပြောလိုက်တာပါ။
“ဒါဟာ ယူကရိန်းပိုင်နက်ပြင်ပက စစ်ရေးပစ်မှတ်တွေကို ဆန့်ကျင်တာ အပါအဝင် ယူကရိန်းကို သူ့ကိုယ်သူ အပြည့်အဝ ခုခံကာကွယ်နိုင်စေလိမ့်မယ်” လို့ မားဇ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံဆီ ဂျာမန်လုပ် “တောရက်ဇ်” ခရုဇ်ဒုံးကျည်တွေ ပေးပို့ရာမှာ တိုးတက်မှု ဘယ်လိုရှိသလဲလို့ ယူကရိန်းသတင်းထောက်တယောက်က မေးမြန်းရာမှာ ခုလို ဖြေလိုက်တာလည်း ဖြစ်ပါတယ်။
ဂျာမနီဟာ တာဝေးပစ် လက်နက်တွေကို သုံးချင်ပြီး ပူးပေါင်းထုတ်လုပ်ရာမှာလည်း အဆင်ပြေ ချောမွေ့စေချင်တယ်လို့ မားဇ်က ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
မားဇ်ဟာ ဂျာမန်အဓိပတိ ဖြစ်လာပြီး ရက်ပိုင်းအတွင်း တခြား ဥရောပခေါင်းဆောင်တွေနဲ့အတူ ယူကရိန်းနိုင်ငံဆီ သွားခဲ့တာပါ။
တနင်္လာနေ့မှာ ယူကရိန်းရဲ့ တာဝေးပစ်ဒုံးကျည်တွေကို ရုရှားပိုင်နက်အတွင်း ပစ်လွှတ်နိုင်ခွင့်ကို အတည်ပြု ထောက်ခံပေးခဲ့ပါတယ်။
Source: Reuters