
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (AA) က ပြည်မထွက် အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားဖို့ သွားရောက်ကြတဲ့ အသက်မပြည့်သေးတဲ့ ချင်းကျောင်းသား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) မေ ၂၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မိသားစု စားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားဖို့ သွားရောက်ကြတဲ့ အသက်မပြည့်သေးတဲ့ ချင်းကျောင်းသား ကျောင်းသူ အယောက် ၆၀ ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီး စစ်သင်တန်းကို ပို့ဆောင်ကြောင်း မိသားစုဝင်တွေဆီက သိရတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ရခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲ ဖြစ်လာပြီး ရက္ခိုင်ပြည်သူများ အားလုံး ပညာရေးဆိုင်ရာ လက်လှမ်းမီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမီခွင့်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမီခွင့် စတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ချင်းလူမျိုးတွေလည်း အလားတူ ခံစားနေကြရတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို မတ် ၁၈ ရက်မှာ ပြဋ္ဌာန်းထားပြီး အများပြည်သူသိအောင် တရားဝင် အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
NDEP ဟာ ရခိုင်ဒေသက လူမျိုးစုတွေနဲ့ သက်ဆိုင်တဲ့အတွက် ဌာနေ ချင်းလူမျိုးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဌာနချင်းနိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
NDEP ထဲက တားမြစ်ချက်တွေဟာ ရခိုင်ပြည်ကို ဗဟိုပြုထားတဲ့အတွက် ပြည်သူတွေ အကျပ်အတည်းနဲ့ ကြုံတွေ့မယ့် ပြဋ္ဌာန်းချက်ဖြစ်တဲ့အပြင် လူ့အခွင်အရေးစံနှုန်းတွေနဲ့ ကင်းကွာနေတယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ဟာ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေ ရလာတာဟာ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး ပြည်သူ့အကျိုးစီးပွားကို ဗဟိုပြုတဲ့ တားမြစ်ချက်တွေကို ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။