
ချီလီနိုင်ငံတောင်ပိုင်း၊ ပွယ်တိုဗာ့ရာ့စ်မြို့မှာ မေ ၂၅ ရက်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ လူ ၁၉ ယောက် ဒဏ်ရာရရှိပြီး အိမ်ခြံမြေ ၂၅၀ ကျော် ပျက်စီးခဲ့တဲ့ဒေသကို ချီလီသမ္မတ ဂယ်ဘရီယယ်လ် ဘောရစ်က မေ ၂၆ ရက်မှာ သွားရောက်ကြည့်ရှုခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေကို သုံးသပ်ခဲ့ပါတယ်။
သမ္မတ ဘောရစ်က “ပွယ်တိုဗာ့ရာ့စ်ကို ထိခိုက်ခဲ့တဲ့ ဒီဂရီ ၁ အဖြစ် သတ်မှတ်ထားတဲ့ မကြုံစဘူး လေဆင်နှာမောင်းတခုကြောင့် ချီလီနိုင်ငံမှာ အံ့အားသင့်ခဲ့ရပြီး ဒီဖြစ်စဉ်မှာ နေ့လယ် ၃ နာရီခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားပြီး ပြည်နယ်ရဲ့ အရင်းအမြစ်အားလုံးကို ချက်ချင်း အသုံးချပြီး ထိခိုက်နစ်နာသူတွေကို ပံ့ပိုးပေးခဲ့ပါတယ်” လို့ ပြောကြားပါတယ်။
အရေးပေါ်အခြေအနေတွေအတွက် အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အကူအညီပေးမယ်လို့ သမ္မတက ကြေညာခဲ့ပါတယ်။
အိမ်ခြေ ၄,၅၀၀ ကျော်မှာ လျှပ်စစ်မီး ပြတ်တောက်နေကြောင်းလည်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အမျိုးသားဝန်ဆောင်မှုဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလေဆင်နှာမောင်းကို F1 အဆင့်အဖြစ် သတ်မှတ်ထားပြီး တောင်ပိုင်းဒေသမှာ ဖြစ်ပွားတဲ့ ထူးထူးခြားခြား သဘာဝဖြစ်စဉ်တခုလို့ ဆိုပါတယ်။
F1 အဖြစ် သတ်မှတ်ထားတဲ့ ဒီဖြစ်စဉ်ဟာ အေးမြတဲ့လေထုက ပူနွေးတဲ့လေထုကို အောက်ဘက်ကနေ ထိုးဝင်မှုကြောင့် ဖြစ်လာရတဲ့ မိုးလေဝသ မတည်ငြိမ်မှုတွေကြောင့် ဖြစ်တယ်လို့ တရားဝင် မိုးလေဝသဌာနက အသိပေးထားပါတယ်။
နိုင်ငံတောင်ပိုင်းမှာ တခြား လေဆင်နှာမောင်းတွေ ထပ်မံဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။
ချီလီနိုင်ငံက သဘာဝဖြစ်စဉ်တွေကို ၁၆၃၄ ခုနှစ်ကတည်းက မှတ်တမ်းတင်ခဲ့ပြီး မေလမှ ဇွန်လအတွင်း အထူးသဖြင့် ဘီယိုဘီယိုနဲ့ လော့စ်လာဂို့စ်တို့ကြားရှိ ဒေသတွေမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဌာနသုံး အင်စတာဂရမ်အကောင့်မှာ ပို့စ်တင် အသိပေးထားပါတယ်။
Source: Reuters