
နို့ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အမေရိကန်သွင်းကုန်တွေ မြင့်တက်လာလို့ စျေးကွက်အနှာင့်အယှက် မဖြစ်အောင်ရှောင်ဖို့ အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ သန်းနဲ့ချီတဲ့ နွားမွေးမြူရေး အသေးစားလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးရမယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယအပေါ် အခွန် ၂၆ ရာခိုင်နှုန်း အပါအဝင် ကမ္ဘာ့ကုန်သွယ်ဘက်တွေအပေါ် အပြန်အလှန် အခွန်စည်းကြပ်မှု ချမှတ်ပြီးတဲ့နောက် ဘက်စုံ အပြန်အလှန် ကုန်သွယ်ရေး သဘောတူညီချက် အခိုင်အမာရဖို့ ကမ္ဘာ့အကြီးဆုံး နို့ထုတ်လုပ်သူ အိန္ဒိယဟာ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းနေပါတယ်။
ခဏဆိုင်းငံ့ချိန်မှာ အိန္ဒိယနဲ့ တခြားနိုင်ငံအများအပြားမှာ အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းကို ဆက်ကျင့်သုံးနေပေမဲ့ ကာလကြာရှည် စီစဉ်ထားတဲ့ အပြန်အလှန် အခွန်စည်းကြပ်မှုအတွက် ထရမ့်ပ်က ရက် ၉၀ ဆိုင်းငံ့ထားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ငံရဲ့ အကြီးဆုံးနို့ထွက်ပစ္စည်းအမှတ်တံဆိပ် ‘အာမူ’ ပိုင်ရှင်လည်းဖြစ် ဂူဂျာရတ် နို့စျေးကွက်အသင်းချုပ် (GCMMF) ရဲ့ မန်နေဂျင်းဒါရိုက်တာလည်းဖြစ်တဲ့ ဂျယန်း မေတာက “သူတို့ကို ကျနော်တို့ရဲ့ စျေးကွက်တွေဆီ အလွန်စျေးသက်သက်သာသာနဲ့ ဝင်ခွင့်မပေးမိဖို့ လိုအပ်ပါတယ်၊ သူတို့က ရောင်းမကုန်ဘဲ ပိုလျှံနေတဲ့ ထုတ်ကုန်တွေကို ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့ မတတ်နိုင်တဲ့စျေးနဲ့ စွန့်ပစ်ဖို့ ရည်ရွယ်တာပါ” လို့ သူကပြောပါတယ်။
အမေရိကန်နဲ့ တခြား ထိပ်တန်းနို့ထုတ်လုပ်သူတွေဟာ သွင်းကုန်ခွန်ကြီးကြီးနဲ့ အကောက်ခွန်မဲ့ အတားအဆီး (NTBs) တွေနဲ့ ကာကွယ်ထားတဲ့ နို့ထွက်ပစ္စည်းဈေးကွက်ကို ပိုလက်လှမ်းမီနိုင်ဖို့ အိန္ဒိယကို ဖိအားပေးနေတာပါ။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ကို အာဟာရကျွေးမွေးခြင်းအပြင် အိန္ဒိယနိုင်ငံရဲ့ နို့ထွက်ပစ္စည်းကဏ္ဍဟာ နွားမွေးမြူရေးသမား သန်း ၈၀ အသက်မွေးဝမ်းကြောင်းပြုဖို့ အရေးကြီးပါတယ်။
နို့ထုတ်လုပ်သူအများစုဖြစ်တဲ့ ကျေးလက်ဆင်းရဲသားတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေဟာ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကြောင့် မထိခိုက်စေဖို့ အရေးကြီးတယ်လို့ မေတာက ပြောပါတယ်။
အိန္ဒိယဟာ ကမ္ဘာလုံးဆိုင်ရာ နို့ထွက်ရှိမှုရဲ့ လေးပုံတပုံနီးပါးကို ထုတ်လုပ်တာပါ။ အထွက်နှုန်း မက်ထရစ်တန်ချိန် ၂၃၉ သန်းအထိရှိပြီး အမေရိကန်ရဲ့ ထုတ်လုပ်မှုတန်ချိန် ၁၀၃ သန်း ဝန်းကျင်ထက် နှစ်ဆပိုများပြီး အိန္ဒိယနို့ထွက်ပစ္စည်းလုပ်ငန်းဟာ ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိပါတယ်။
Source: Reuters