
ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိနေပြီး မြန်မာဘက်ကို မုန်တိုင်းအရှိန်သက်ရောက်နိုင်တဲ့အခြေအနေလည်း ပိုတိုးလာတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။
‘ECMWF cyclone activity chart မှာ မေ ၂၉ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ရှိလာကြောင်းတွေ့ရပါတယ်။
မေလ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းအရှိန်သက်ရောက်နိုင်သည့်အခြေအနေလည်း ပိုတိုးလာပါမယ်လို့ မေ ၂၆ ရက် ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ရေးသားထုတ်ပြန်ထားပါတယ်။
မုန်တိုင်းရဲ့အရှိန်သက်ရောက်မှုဆိုတာက မိုးရော လေရောကိုဆိုလိုပြီး ရခိုင်ကမ်းရိုးတန်း တလျှောက်က ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ ဒေသတွေမှာ မိုး၊ လေ၊ လှိုင်း ပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်း မိုခါ တုန်းကလို မုန်တိုင်းတိုက်ရိုက်ဝင်တိုက်မှာမဟုတ်တာကြောင့် အဲဒီတုန်းကလို ထိခိုက်နိုင်ခြေမရှိပေမယ့် လေပြင်းအား တနာရီ မိုင် ၄၀ ကျော်အထိတော့ တိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ECMWF ရဲ့ ကြိုတင်ခန့်မှန်းချက်အရ ဒီသက်ရောက်မှုက ဇွန် ၂ ရက်အထိ ကြာမြင့်နိုင်ပါတယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတခု မေ ၂၇ ရက်မှာ ဖြစ်နိုင်တယ်လို့ မေ ၂၆ ရက် ညနေ ၆ နာရီမှာ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ကြိုတင်ခန့်မှန်းချက်တွေအတိုင်း တနိုင်ငံလုံးမှာ မိုးရွာနေပြီး မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မြေပြိုတာ၊ လျှပ်တပြက်ရေကြီးတာ စတာတွေ ဖြစ်လာနိုင်လို့ သတိထားကြဖို့လည်း နှိုးဆော်ထားပါတယ်။