
လီဗာပူးဘောလုံးအသင်း ပရိသတ်တွေ ပရီးမီးယားလိဂ်ဖလားရလို့ အောင်ပွဲခံနေတဲ့ လူအုပ်ထဲ မေ ၂၆ ရက်က ကားနဲ့ဝင်တိုက်ခံရပြီး လူ ၅၀ နီးပါး ဒဏ်ရာရကာ ၂၇ ယောက် ဆေးရုံတင်လိုက်ရပါတယ်။
ဒီဖြစ်စဉ်ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။
လီဗားပူးမြို့ ဧရိယာက အသက် ၅၃ နှစ်အရွယ် လူဖြူ ဗြိတိသျှအမျိုးသားတယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဆေးရုံတင်ထားရတဲ့သူတွေထဲမှာ ကလေးသူငယ် ၄ ယောက် ပါဝင်ပြီး ကလေးတယောက်နဲ့ လူကြီးတယောက် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ကားအောက်မှာ ညပ်နေတဲ့ လူ ၄ ယောက်ကိုလည်း မီးသတ်သမားတွေက ဆွဲထုတ်ပေးခဲ့ရပါတယ်။
လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေမှာ ကားတစီးဝင်တိုက်လိုက်လို့ လူတွေ လွင့်ထွက်သွားတာတွေပါ မြင်တွေ့ရပါတယ်။
ကားရပ်သွားချိန်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကားမှန်တွေကိုခွဲပြီး ဝင်တိုက်သူကို ရန်ပြုဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတွေက ဟန့်တားခဲ့ရပါတယ်။
“ဒီဖြစ်စဉ်ဟာ ဆက်စပ်မှုမရှိတဲ့ သီးခြားဖြစ်စဉ်ဖြစ်ပြီး တခြားဆက်စပ်မှုရှိသူကို ရှာဖွေတာမျိုး လက်ရှိမှာ ရှိမနေဘူး” လို့ ယာယီဒုရဲမှူး ဂျန်နီဆင်းမ်က ပြောပါတယ်။
Source: Reuters