
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲမှာ မေ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မိုးများပြီး ရေစီးသန်နေတဲ့ချောင်းကို ဖြတ်ကူးစဥ် ခရီးသည်တင်ယာဥ် ၁ စီး မျောပါသွားပေမဲ့ ခရီးသည်တွေကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးခဲ့တဲ့ တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲတွေကြောင့်မို့လို့ မြင်းခြံ−တောင်သာ အဝေးပြေးလမ်းကို ယာယီသွားလာခွင့်ပိတ်ထားလို့ ဒီဘက်ကွင်းလမ်းကို အသုံးပြုနေကြတာ။ အခု ပြည်သူတွေ အသုံးပြုနေတဲ့ ကွင်းလမ်းပေါ်က နတ်စောင့်ရွာနားမှာရှိတဲ့ ဒီ ဆင်တဲဝချောင်း ရေကျော်က မိုးရွာရင် ရေစီးအရမ်းကြမ်းတာ။ အဲဒီလမ်းကို အမြဲတမ်းသုံးနေတဲ့ ခရီးသွားတွေတောင် ချောင်းရေကျရင် ကူးရဲကြတာ မဟုတ်ဘူး။ Express ယာဥ်မောင်းက အဲဒါကို မသိလို့လား မသိဘူး။ ရေစီးကြမ်းနေတဲ့အချိန်ကြီး ဖြတ်မောင်းသွားတာ။ ဟိုဘက်ကမ်းရောက်ခါနီးမှ ကားက ဘေးထိုးကျသွားခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါ Express အမြန်ယာဥ်ပေါ်က ခရီးသွားတွေကိုတော့ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းကူညီကယ်ထုတ်ပေးခဲ့လို့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
တောင်သာမြို့နယ် ပကဖတာဝန်ခံ ကိုကြည်စတားက “ကျနော်တို့ သတင်းရရချင်းပဲ ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဲဘော်တွေ ထွက်သွားကြတယ်။ အဲဒီ Express ပေါ်မှာ ခရီးသည် ၄၀ လောက် ပါလာကြတာ။ ကျနော်တို့ရဲဘော်တွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြလို့ အဲဒီစိန်ကမ္ဘာ Express ကားပေါ်က ခရီးသည်တွေအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခရီးသည်တွေကော ကယ်ဆယ်ရေး လုပ်ပေးကြသူတွေအားလုံး ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူး” လို့ DVB ကို ပြောပါတယ်။
တောင်သာမြို့နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေလို့ ပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စမှတပါး ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်က စတင်ပြီး 9/A Nyar Myae Operation အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိကြတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေကြလို့ မေ ၂၆ ရက်အထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။