
မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အက်စ်တန်ဗီလာ အသင်းက တရားဝင် ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
ဗီလာအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ သရေတမှတ် ရရှိမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပေမဲ့ ပွဲချိန် ၄၅ မိနစ်မှာ ဂိုးသမား မာတီနက်ဇ် ထုတ်ပယ်ခံခဲ့ရမှုနဲ့အတူ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
တိုက်စစ်ကစားသမား ရော်ဂျာ သွင်းယူခဲ့တဲ့ဂိုးကိုလည်း ကွင်းလယ်ဒိုင် သောမက်စ်ဘရာမောလ်က ပြန်ပယ်ဖျက်ခဲ့ပြီး ကြီးမားတဲ့မှားယွင်းမှုဖြစ်ကြောင်း ဗီလာအသင်း ဘောလုံးဒါရိုက်တာက ပြောပါတယ်။
ကွင်းလယ်ဒိုင်ရဲ့ မှားယွင်းမှုတွေအပေါ် ကန့်ကွက်စာတင်သွင်းမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာက ဆုံးဖြတ်ချက်ကို ကန့်ကွက်တာမဟုတ်ဘဲ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ကွင်းလယ်ဒိုင်လူကြီးကို တာဝန်ပေးအပ်မှုအပေါ် ကန့်ကွက်လွှာတင်တာ ဖြစ်ကြောင်းလည်း ဗီလာအသင်း ဒါရိုက်တာက ပြောပါတယ်။
အက်ဖ်အေအနေနဲ့ နိုင်ငံတကာအဆင့်မီ ဒိုင်လူကြီးတွေကို အခုလို အရေးပါတဲ့ပွဲစဉ်မှာ တာဝန်ချထားခြင်း မရှိခဲ့ကြောင်းလည်း ဗီလာအသင်းဒါရိုက်တာ ဒါမီယန်က ဝေဖန်သွားပါတယ်။