
နိုင်ငံတော်အာဏာကို စစ်တပ်ကမတရားသိမ်းပိုက်ပြီးချိန်ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဟာ ကလေးလူငယ်တွေ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံနဲ့ ဖော်ဆောင်သင်ကြားပေးနေပေမယ့် စစ်ကောင်စီကတော့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေစတဲ့ လူစုလူဝေးရှိရာနေရာတွေကို နည်းမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး လူသားတွေအပေါ် စစ်ရာဝတ်မှု (War crimes against humanity) ကို နေ့တိုင်း ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးတွေ၊ ဆရာ ဆရာမတွေနဲ့ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်နေစဉ်အတွင်း ကျောင်းတွေအားလုံး ခေတ္တယာယီ ရပ်နားထားဖို့ ညွှန်ကြားလိုက်တာပါ။
ညွှန်ကြားချက်ကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိအဖွဲ့အစည်းတွေက ကြီးကြပ်ကူညီပူးပေါင်း ပါဝင်ပေးကြဖို့နဲ့ သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မူဝါဒ လမ်းညွှန်ချက်တွေအတိုင်း လုပ်ပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေဘယ်လောက်ကြာကြာလုပ်ရမယ်ဆိုတာကိုတော့ ပြောထားတာမရှိဘဲ နောက်ထပ်ညွှန်ကြားချက်မထုတ်ပြန်ခင်ထိ ပိတ်ထားဖို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အခုတလောမှာ စာသင်ကျောင်းတွေကို ပိုတိုက်ခိုက်လာပြီး မေ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းကွင်းမြောက်ရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလ ပညာရေးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
မေ ၁၄ ရက်နေ့ ညပိုင်းမှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲတာကြောင့် စာသင်ဆောင်နဲ့ လူနေအိမ်တွေပျက်စီးသွားပြီး NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်း ၂၄၀ ကျော် ပျက်စီးခဲ့ပါတယ်။
Photo : ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့