Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် စစ်တပ် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၁ ဦး အသက်အန္တရာယ်စိုးရိမ်ရ
DVB
·
May 25, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ တမိုင်ခွဲကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတလုံး လူနေအိမ်နားမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံတယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

မေ ၂၂ ရက်နေ့ ည ၈ နာရီလောက်က လေညာတပ်နယ်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ပြီးနောက် အသက် ၅၀ အရွယ် ဦးဘိုဟိန်းရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့  ဒေသခံတယောက်က ပြောပါတယ်။

“ဦးခေါင်းမှာ ထိတယ်။ ညာဘက်နားရွက် ပြတ်တယ်။ လက်နက်ကြီးက ကြမ်းတယ်။ အရင်ကထက် အသံပိုကျယ်တယ်။ ချောင်းမွန်ရွာကို ပစ်တာတဲ့။ တမိုင်ခွဲမှာ လာကျတာပေါ့”

အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဦးဘိုဟိန်းကို ညတွင်းချင်း ပြည်ကြီးမဏ္ဍိုင်မြို့က ဆေးရုံကို ပို့‌ဆောင်ဖို့ ထွက်လာပေမဲ့ လေညာကျေးရွာတံတားမှာ စစ်ကောင်စီကဖြတ်ခွင့်မပေးတဲ့အတွက် တညအိပ်ပြီး နောက်တရက်မနက်မှာ တံတားကျော်ဖြတ်သွားလာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူနာက ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက် လက်ရှိမှာ မြိတ်မြို့ကို လွှဲပြောင်းပို့ဆောင်ဖို့ လုပ်နေတယ်လို့ နီးစပ်တဲ့သူတချို့ဆီက သိရပါတယ်။

တမိုင်ခွဲကျေးရွာဟာ လေညာကျေးရွာနဲ့ တမိုင်ခွဲအကွာအဝေးမှာရှိပြီးတော့ လေညာရွာတပ်နယ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ် တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024