ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က မေ ၂၄ ရက်ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မေ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲလောက်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက ခါချဉ်တောင်ပေါ်ကို စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဟိုင်းယုလမ်းဆုံနဲ့ ပျဉ်ကတိုးခင်းရွာအကြား တရုတ်ပေါက်ကျောက်ကုန်းနားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ တပ်ခွဲမှူးဗိုလ်ဘက “ခါချဉ်တောင်ကို အပိုင်ပြန်သိမ်းမယ်ဆိုပြီး စစ်ကြောင်းထိုးလာတာ။ အဲဒါ ကျနော်တို့က ကြိုတင်သတင်းရလို့ ကျနော်တို့ရဲဘော်တွေ ကင်းတွေ၊ ပွိုင့်တွေ ပိုက်စိပ်တိုက်ပြီးချထားတာ။ ညဘက်ကျ မိုးရွာထဲတက်လာတာ။ အဲဒီမှာတိုက်ပွဲဖြစ်တာ ၁ နာရီလောက်ကြာတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ငယ်တွေနဲ့ပစ်ရတယ်။ သူတို့ကတော့ မော်တာတွေ လောင်ချာတွေ အကြီးအကျယ်ထုတာ။ ကျနော်တို့ရဲဘော်တွေတော့ ဒဏ်ရာရတာမရှိဘူး။ သူတို့ဘက်ကတော့ ၁၀ ယောက်အနည်းဆုံး သေသွားတယ်” လို့ DVB ကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နောက်ကြောင်းပြန်ဆုတ်သွားပြီး နောက်နေ့ မေ ၂၃ ရက် မနက်အစောပိုင်းမှာ စစ်ကြောင်းပြန်ထိုးလာပြီး တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကို လာရောက်ကောက်ယူသွားတယ်လို့လည်း ဆိုပါတယ်။
“အလောင်းလာကောက်တော့ တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲ က ၁၅ မိနစ်လောက်ပါပဲ။ သူတို့က လောင်ချာတွေနဲ့လှမ်းထုနေတော့ ကျနော်တို့လည်းအနားမကပ်နိုင်ဘူး။ သူတို့ အလောင်းကောက်ပြီး ပြန်ဆုတ်သွားတော့မှ ကျနော်တို့ ၂၄ ရက်နေ့ နယ်မြေရှင်းလင်းအောင် တိုက်ပွဲဖြစ်တ ဲ့နေရာကိုရောက်သွားတော့ ချောက်ကမ်းပါးမှာ ပစ်ထားခဲ့တဲ့ စစ်သားအလောင်းတလောင်းရယ်၊ မြေကြီးထဲမြှုပ်ထားတဲ့ ၃ လောင်းရယ်တွေ့တယ်” လို့လည်း ဆက်ပြောပါတယ်။
ဆက်လက်တိုက်ပွဲဖြစ်နိုင်ခြေရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိုးမထဲကနေ ပြန်မဆုတ်သွားသေးဘူးလို့လည်း တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဝင်ငွေရှာပေးနေတဲ့ ခါချဉ်တောင်ပေါ်က သစ်ထုတ်လုပ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတည်းက တိုက်ခိုက် သိမ်းပိုက်ထားတာကြောင့် ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။