
အမေရိကန်နိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားတွေ လက်ခံသင်ကြားခွင့်ကို ထရမ့်ပ် အစိုးရက ရပ်နားလိုက်ကြောင်း သိရပါတယ်။
အဲဒီနောက် ဟားဗတ်တက္ကသိုလ်ဟာ “ဥပဒေအတိုင်းလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အပြန်အလှန် ကျောင်းသားလဲလှယ်ရေး ဧည့်အစီအစဉ် လုပ်ပိုင်ခွင့်ကို” အစိုးရဘက်က ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
“ဒါဟာ နိုင်ငံတဝန်းမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပညာရေးအဖွဲ့အစည်းမှန်သမျှကို သတိပေးတာဖြစ်တယ်” လို့လည်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နုန်းမ်က X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ထားပါတယ်။
ဟားဗတ်ကတော့ အစိုးရလုပ်ရပ်ကို “တရားမဝင်ဘူး” ဆိုပြီး ထုတ်ပြန်ချက်တခုနဲ့ တုံ့ပြန့်သွားပါတယ်။
“အခုလိုမျိုး လက်တုံ့ပြန်တဲ့လုပ်ရပ်ဟာ ဟားဗတ် အသိုက်အဝန်းနဲ့ နိုင်ငံအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး ဟားဗတ်ရဲ့ ပညာရေးနဲ့ သုတေသနလုပ်ငန်းတွေမှာပါ အနှောင့်အယှက် ဖြစ်စေနိုင်တယ်” လို့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ပညာသင်နှစ်အတွင်း ဟားဗတ်မှာ နိုင်ငံတကာကျောင်းသားပေါင်း ၆,၇၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒါဟာ စုစုပေါင်းအရေအတွက်ရဲ့ ၂၇ ရာခိုင်နှုန်းဖြစ်တယ်လို့ တက္ကသိုလ် အချက်အလက်တွေအရ သိရပါတယ်။
ထရမ့်ပ်အစိုးရဟာ တက္ကသိုလ်ဒါဇင်နဲ့ချီပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အပြင် နယူးယောက်ခ်က ကိုလံဘီယာ တက္ကသိုလ်လိုမျိုး တခြားထင်ရှားတဲ့ အဖွဲ့တွေကိုပါ လိုက်လျောမှုရအောင် ဖိအားပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ဧပြီလမှာတော့ ဟားဗတ်ဘက်က ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် တရားစွဲဆိုဖို့အတွက်ပါ ကြေညာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဟားဗတ်တက္ကသိုလ်ကို တောင်းဆိုချက် အများအပြား ပေးပို့ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ မှားပို့မိတာသာဖြစ်ကြောင်း အိမ်ဖြူတော်အနေနဲ့ ထုတ်ပြောခဲ့ပါတယ်။
ဟားဗတ် ကျောင်းပရိဝုဏ်အတွင်း ဂျူးမုန်းတီးရေး လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့အတွက် အလုပ်နေရာ ခန့်အပ်တာ၊ ကျောင်းသားလက်ခံတာနဲ့ သင်ကြားရေးနည်းလမ်းတွေပါ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတယ်ဆိုပြီး အစိုးရဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
နောက်ဆက်တွဲအဖြစ် ဟားဗတ်တက္ကသိုလ်ရဲ့ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရမှာဖြစ်သလို ဒေါ်လာဘီလီယံနဲ့ချီတဲ့ အစိုးရထောက်ပံ့ကြေးပေးအပ်မှု ရပ်ဆိုင်းဖို့အတွက်လည်း ခြိမ်းခြောက်ထားပါတယ်။
ဟားဗတ်ဘက်ကတော့ ဂျူးမုန်းတီးရေးပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် အဆင့်များစွာ ဖော်ဆောင်ခဲ့ပြီး ဖြစ်တဲ့အပြင် တက္ကသိုလ်ရဲ့ “ဉာဏဆိုင်ရာ လွတ်လပ်ခွင့်ကိုပါ ကန့်သတ်ဖို့ ကြိုးပမ်းနေတယ်” လို့ တုံ့ပြန်ထားပါတယ်။
၇၂ နာရီအတွင်း ဟားဗတ်ဘက်က တောင်းဆိုထားတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် နိုင်ငံတကာကျောင်းသားတွေ ပြန်လက်ခံနိုင်မယ့် “အခွင့်အရေး” ရှိတယ်ဆိုပြီး အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဟားဗတ်တက္ကသိုလ်နဲ့ ထရမ့်ပ်အစိုးရကြား ထိပ်တိုက်တွေ့တဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဆွီဒင် ဘွဲ့ကြိုကျောင်းသား လီယို ဂါဒန် ကတော့ “နိုင်ငံတကာ ကျောင်းသားတွေ မရှိဘဲ ဟားဗတ်ဟာ ဟားဗတ်လိုမျိုး မဖြစ်နိုင်ဘူး” ဆိုပြီး ထရမ့်ပ်အစိုးရကို ဝေဖန်သွားပါတယ်။
Source: Reuters