Home
မြန်မာသတင်း
စစ်မှုထမ်းရန် အကျုံးဝင်သည့် ရခိုင်လူငယ်များကို ပြင်ပထွက်ခွင့် AA ပိတ်ပင်
DVB
·
May 23, 2025

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို ပြည်ပြင်ပထွက်ခွင့် တားမြစ်လိုက်တယ်လို့ အာရက္ခတပ်တော် (AA) က မေ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အာရက္ခတပ်တော်က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defence Emergency Provision-NDEP) ကို ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်မှာ စတင်ပြဋ္ဌာန်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်က လူငယ်တချို့ဟာ အဲဒီအရေးပေါ်ပြဋ္ဌာန်းချက်ကို သေချာနားမလည်ဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြတာကို တွေ့လာရတယ်လို့ AA က ပြောပါတယ်။

အဲဒီလို တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲပြီး ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့ လူငယ်တွေကို  တားမြစ်ဖို့အတွက် အချက် ၄ နဲ့ လူငယ်တွေ ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာမှုကို တားမြစ်လိုက်တယ်လို့ ဆိုထားပါတယ်။

ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာပြီး သွားလိုသူတွေဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) နဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ ထွက်ပြေးသူတွေကို သွားလာခွင့်ပိတ်ကာ စစ်ရေးအခြေအနေတခု ရောက်ရှိတဲ့အထိ တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

နောက် အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့လူနာတွေ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကလွဲပြီး နေရပ်စွန့်ခွာလိုသူတွေဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၅ နှစ် အသက်အရွယ်အတွင်း ရှိတဲ့သူတွေကို ပြည်နယ်ပြင်ပသွားလာခွင့် မပြုဘဲ လက်ရှိတိုက်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ အရေးပေါ်ကာလ ပြီးတဲ့အထိ တားမြစ်တယ်လို့ ရေးသားထားပါတယ်။

အဲဒီလို ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာသူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကတဆင့် အခကြေးငွေယူပြီး သယ်ယူပို့ဆောင်နေသူတွေကိုလည်း တားမြစ်လိုက်ပြီး လိုက်နာမှုမရှိရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ထပ်မံပြောထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း စားသောက်ကုန်စည်တွေ ရောင်းဝယ်နေတဲ့ ကုန်သည်တွေ၊ နွားကုန်သည်တွေ အနေနဲ့လည်း သွားလာချိန်မှာ လူအပိုခေါ်ဆောင်ခြင်း၊ အခကြေးငွေယူပြီး လူကယ်ရီ ပို့ဆောင်ခြင်း မလုပ်ရလို့ တားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး ငွေညှစ်တာ၊ ပြန်ပေးဆွဲသလို ဖမ်းဆီးထိန်းသိမ်းတာ၊ ပုဒ်မအမျိုးမျိုးနဲ့ မတရားသဖြင့် ထောင်ချတာ၊ လူသတ်အလောင်းဖျောက်မှု အန္တရာယ်တို့က ကင်းလွတ်စေဖို့အတွက် အခုလို တားမြစ်လိုက်တာဖြစ်တယ်လို့ AA က ပြောပါတယ်။

ရခိုင်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းတွေ မနင်းမိစေဖို့အတွက်လည်းကောင်း၊ စစ်ကောင်စီထိန်းချုပ်တဲ့မြို့ကို ရောက်ရှိပါက စစ်မှုထမ်းဖို့ စုဆောင်းမခံရစေဖို့ အတွက်လည်းကောင်း၊ လူမှောင်ခိုဂိုဏ်းတွေရဲ့ ကျားဖြန့်ဂိုဏ်းတွေလက်ထဲကို မရောက်ရှိစေဖို့လည်းကောင်း၊ ရခိုင်ရိုးမ နယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲ ဖြစ်တာကြောင့် တိုက်ပွဲတွေအတွင်း ကြားညပ်မသွားစေဖို့ အစရှိတဲ့ လူ၊ မိုင်း အန္တရာယ်တွေက ကင်းလွတ်စေဖို့ ရည်ရွယ်တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကလည်း နိုင်ငံတဝန်းမှာ စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးပြီး လူငယ်လူရွယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024