
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မေ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သာရဘွင်ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပွိုင့်ဖိုက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း မြိတ်ခရိုင်တပ်ရင်း ၃ ရဲ့ ပြန်ကြာရေးတာဝန်ခံတယောက်က ပြောပါတယ်။
“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ အကြောင်းမဲ့ လာကြဲတာပါ။ ရွာသားတွေတော့ လုံခြုံတဲ့နေရာ ပြေးပုန်းကြတယ်။ တခါကြဲရင် ၃ လုံးလောက်ရှိတယ်။ တခါကြဲပြီး အပေါ်မှာ လာဝဲတယ်။ ပြီးရင် ထပ်ကြဲတယ်။ ၃ ကြိမ်ကြဲပြီးတာနဲ့ ပွိုင့်ဖွိုက်နဲ့ရမ်းပစ်တယ်။ အကြမ်းဖက်စစ်ကောင်စီ လေတပ်က ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတော့ သေချာတယ်။”
စစ်ကောင်စီက ကျောက်တောင်ကျေးရွာကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျောက်တောင်ရွာအနီးကို ကြဲတယ်။ အမျိုးအစား မသိရဘူး။ သူတို့က ထင်ရာကြဲနေတာပဲဗျာ။”
အဆိုပါနေ့က တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ရိက္ခာယာဥ်တန်းကို တနင်္သာရီမြို့နယ် ပကဖ အဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက တနင်္သာရီမြို့နယ်ကို အခုမေလ ဒုတိယအပတ်လောက်ကစပြီး စစ်ကြောင်းထိုး လှုပ်ရှားသွားလာကာ ကျေးရွာတွေမှာ လမ်းကင်းချပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။