
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ကျေးရွာကို မေ ၁၄ ရက် ည ၉ နာရီမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးငယ်တယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို မုံရွာ-ယာကြီး-ကလေး လမ်းနဲ့ မုံရွာ-ပုသိမ် လမ်းဆုံမှာ ရှိတဲ့ အောင်ဇယျမြို့သစ် အထိုင်စခန်းကနေ ပစ်ခတ်ခဲ့တာလို့ ရေကြည်ပင်ရွာသားတယောက်က ပြောပါတယ်။
“ပစ်တာကတော့ ညနေ ၄ နာရီကတည်းက ရမ်းသန်းပစ်ခတ်နေတာ။ ညနေပိုင်းရောက်လာပြီ ဆိုတာနဲ့ အကျိုးအကန်းကုန်းက စခတွေက မူးရူးပြီး ရွာတွေဘက်ကို ပစ်နေတာ။ တလုံးပစ်ပြီး ရပ်နိုးနိုး၊ နောက်ထပ်တလုံး ပစ်ရပ်နိုးနိုး ကျနော်တို့က ထင်နေတာ။ အခုတော့ဗျာ သူတို့ပစ်တဲ့ လက်နက်ကြီးက ကျနော်တို့ရွာထဲကို သုံးလုံးကျတာ။ တလုံးက နေအိမ်ပေါ် တည့်တည့်ကျလို့ အိမ်ပါမီးလောင်သလို အသက် ၁၆ နှစ်ဝန်းကျင် G-12 ကျောင်းသူတယောက် သေဆုံးခဲ့ရတယ်။ အမည်အတိကျတော့ မသိဘူး။ ကျနော်တို့ရွာထဲမှာ ခေါ်ကြတာတော့ မတရုတ်မလို့ ခေါ်ကြတယ်။ ဆေးကုသဖို့ လုပ်ကြသေးတယ်။ ဒဏ်ရာက ပြင်းထန်တော့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။”
စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရေကြည်ပင်ရွာက ဒေသခံတွေ အပါအဝင် ထန်းတောကြီး၊ မြရိပ်နဲ့ အနီးဝန်းကျင်က ဒေသခံတွေ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။
ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “သူတို့က လက်နက်အားကိုးနဲ့ မိုက်နေတာ။ သတ္တိရှိရင် မြေပြင်စစ်ကြောင်းထိုးလာခဲ့ပါ။ အခုဟာက သင်္ချိုင်းကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသန်းထုလို့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ မမှန်ဘူး။ အရပ်သားတွေပဲ ထိခိုက်သေဆုံးနေရတာ” လို့ ပြောပါတယ်။
အောင်ဇယျမြို့သစ်က စစ်ကောင်စီတပ်သားတွေဟာ အခုလို အနီးဝန်းကျင်က ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးရသလို မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းနဲ့ မုံရွာ-ပုသိမ်လမ်းသွား ကားလမ်းမတွေပေါ်မှာ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ဖမ်းဆီးငွေညှစ် တောင်းခံလေ့ ရှိတယ်လို့လည်း သိရပါတယ်။